Myanmar Idol တွင် ဒိုင်အဖြစ်ဆောင်ရွက်ရန် စိတ်လှုပ်ရှားနေကြောင်း ဖြူဖြူကျော်သိန်း ပြောကြား

မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထူးခြားထက်မြက်ပြီး အရည်အချင်းပြည့်ဝသော ရွက်ပုန်းသီးတေးသံရှင်များကို Myanmar Idol Season-4  သီချင်းဆိုပြိုင်ပွဲကို မကြာမီ စတင်ကျင်းပတော့မည်ဖြစ်ရာ ယခုနှစ်တွင် ဒိုင်အဖြစ် ပထမဆုံး ပါဝင်မည့် အဆိုတော် ဖြူဖြူကျော်သိန်းက ပြိုင်ပွဲဝင်များ၏ အရည်အချင်းအပေါ် စိတ်လှုပ်ရှားမိကြောင်း ပြောကြားသည်။

“ ဖြူဖြူ့အနေနဲ့ပြောရရင် Myanmar Idol က Season 1  စကတည်းက မြန်မာပြည်မှာ ပရိသတ် စိတ်အဝင်စားဆုံး ပြိုင်ပွဲတွေထဲက တစ်ခုပဲ၊ ပြီးရင် သက်သေအနေနဲ့ တွေ့ရတာက ဒီပြိုင်ပွဲကထွက်လာတဲ့ Winner တွေပဲဖြစ်ဖြစ်၊ Runner up တွေပဲဖြစ်ဖြစ် သူ့ပရိသတ်နဲ့သူ ဂီတလောကထဲမှာ ဈေးကွက်တစ်ခုရှိသွားပြီး ဈေးကွက်ထဲကို တန်းရောက်သွားကြတယ်ဆိုတော့ ဖြူဖြူကတော့ ဒီလိုပြိုင်ပွဲကြီးတစ်ခုမှာ ပထမဦးဆုံး စပြီးတော့ ဒိုင်အနေနဲ့ ပါဝင်ခွင့်ရတာ အများကြီးပဲဂုဏ်ယူပါတယ်” ဟု ပြောသည်။

ပြိုင်ပွဲတစ်လျှောက် ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များအပေါ် ဒိုင်များ၏ စိတ်ဝင်စားမှုနှင့် ပတ်သက်၍လည်း “ဒီပွဲက မျိုးဆက်သစ် ဂီတသမားတွေ မွေးထုတ်တဲ့ပွဲပါ၊ လာပြိုင်ကြမယ့် ပြိုင်ပွဲဝင်တွေရဲ့အရည်အသွေးက အဓိကပါ။ ပြောချင်တာဆိုရင်တော့ ဒီလိုမျိုး ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံး ပြိုင်ပွဲတစ်ခုမှာ ဒိုင်တစ်ယောက်အနေနဲ့ ပါဝင်ရတာကို ဖြူဖြူကိုယ်တိုင်လည်း စိတ်လှုပ်ရှားတယ်၊ ပြီးတော့ ဘယ်လို Talent  တွေနဲ့ လာကြမလဲဆိုတာကို ဖြူဖြူတို့ကိုယ်တိုင်လည်း စိတ်ဝင်စားတယ်။ နောက်တစ်ခုက ဒီနှစ်မှာဆိုရင် ဒိုင်တွေက ဖြူဖြူရယ်၊ ဦးလတ်ရယ်၊ မတင်ဇာမော်ရယ်ပေါ့နော်၊ ကျန်တဲ့သူတွေအကြောင်း ကိုယ်ကများများစားစားလည်း မသိသလို ပြောလည်း မပြောလိုပါဘူး၊ ဒါပေမယ့် ဖြူဖြူတို့ အနုပညာအလုပ်လုပ်ရင်း ဆုံဖူးကြတဲ့ အတွေ့အကြုံအရ ပြောရရင် ဦးလတ်ရော၊ မမော်ရော အလွန် Serious ဖြစ်ကြတယ်၊ လုံးဝ တည်တည်တံ့တံ့ပေါ့၊ အဲဒီလိုမျိုးဆိုတော့ တစ်မျိုးတစ်ဖုံတော့ ထူးခြားမယ်လို့ ဖြူဖြူ ထင်ပါတယ်” ဟု ထပ်မံ ပြောဆိုသည်။

ကိုလင်း