Myanmar International Series 2019 ကြက်တောင်ပြိုင်ပွဲ စတင်ကျင်းပ

ရန်ကုန် ၁၀ စက်တင်ဘာ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် Myanmar International Series 2019 ကြက်တောင်ပြိုင်ပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းမှစ၍ ရန်ကုန်မြို့ရှိ အမျိုးသားကြက်တောင် အားကစားခန်းမ၌ ကျင်းပသည်။

ပထမနေ့တွင် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ပထမအဆင့် ၃၂ ပွဲ ကျင်းပခဲ့ပြီး မြန်မာကစားသမား ခြောက်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တစ်ဦးသာ နိုင်ပွဲရပြီး ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ဇော်လင်းထူးသည် ဟိုင်ကယ် (မလေးရှား) ကို  (၂၁-၁၀) မှတ်၊ (၁၂-၂၁) မှတ်၊ (၂၁-၁၃) မှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

အခြားပွဲများတွင် ဟောင်ပင် (တရုတ်တိုင်ပေ) က ချမ်းဝင်းဦး (မြန်မာ) ကို (၂၁-၁၉) မှတ်၊ (၂၁-၁၂) မှတ်၊ ရာဂျာဆီကာရန် (အိန္ဒိယ) က မင်းထက်ကောင်း (မြန်မာ) ကို (၂၁-၁၃၊ ၂၁-၁၄) မှတ်၊ လင်ရီရှန် (မလေးရှား) က ထူးအောင်မျိုး (မြန်မာ) ကို (၂၅-၂၃) မှတ်၊ (၂၁-၁၈) မှတ်၊ ကောင်ချီကီ (မလေးရှား) က သူရိန် (မြန်မာ) ကို (၂၁- ၁၃) မှတ်၊ (၂၁-၁၄) မှတ်၊ ရှာရီရန်ရှာ (အိန္ဒိယ) က ဖုန်းပြည့်နိုင် (မြန်မာ) ကို (၂၁-၁၅) မှတ်၊ (၁၃-၂၁) မှတ်၊ (၂၁-၁၈) မှတ်ဖြင့် အနိုင်ရခဲ့သည်။

နိုင်ပွဲရခဲ့သည့် ဇော်လင်းထူးသည် ဒုတိယအဆင့်တွင် အင်ဒိုနီးရှားကစားသမားနှင့် တွေ့ဆုံနေသည်။ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် သက်ထားသူဇာသည် ဆီဒင်-၁ ရသောကြောင့် ဒုတိယအဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး ထိုင်းကစားသမားနှင့် တွေ့ဆုံနေကာ စက်တင်ဘာ ၁၂ ရက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဒုတိယနေ့ကို စက်တင်ဘာ ၁၁ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး အမျိုးသားတစ်ဦးချင်း ဒုတိယအဆင့်၊ နှစ်ယောက်တွဲ ပထမအဆင့်နှင့် အမျိုးသမီးတစ်ဦးချင်း ပထမအဆင့်ပွဲစဉ်များ ကျင်းပမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ- ဖိုးသော်ဇင်