Myanmar International Series ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ဆီမီးဖိုင်နယ် တက်ရောက်

၁၃ စက်တင်ဘာ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် Myanmar International Series ကြက်တောင်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့မွန်းလွဲ ၁ နာရီမှစ၍ ရန်ကုန်မြို့ရှိ အမျိုးသားကြက်တောင်အားကစားခန်းမ၌ ကျင်းပရာ မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။
                              
သက်ထားသူဇာသည် ကွာတားဖိုင်နယ်တွင် အိန္ဒိယကြက်တောင်မယ် ဆာမီရာနှင့် တွေ့ဆုံခဲ့ပြီး ခက်ခက်ခဲခဲကစားကာ နှစ်ပွဲ-တစ်ပွဲဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ၂၁-၁၃ မှတ်၊ ၁၃-၂၁ မှတ်၊ ၂၁-၁၆ မှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ဒုတိယပွဲငယ်မှစတင်ကာ အိန္ဒိယကြက်တောင်မယ်၏ ရိုက်ချက်များကြောင့် ခက်ခက်ခဲခဲ ကစားခဲ့ရသည်။ 

သက်ထားသူဇာသည် ပထမပွဲငယ်တွင် အမှတ်အသာဖြင့် အနိုင်ရခဲ့သော်လည်း ဒုတိယပွဲငယ်တွင် ဆာမီရာက အမှတ်များ ဆက်တိုက်ရယူခဲ့သောကြောင့် ပြန်မလိုက်နိုင်တော့ဘဲ အရေးနိမ့်ခဲ့ရသည်။ အဆုံးအဖြတ်ပွဲတွင် သက်ထားသူဇာအနေဖြင့် အမှားအယွင်းမရှိ ကစားနိုင်ခဲ့သောကြောင့် ၂၁-၁၆ မှတ်ဖြင့် ပြန်လည် အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

သက်ထားသူဇာ၏ပွဲကို မြန်မာပရိသတ်အများအပြား လာရောက်အားပေးခဲ့ပြီး ပရိသတ်များ၏ တစ်ခဲနက်အားပေးမှုနှင့်အတူ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် အင်ဒိုနီးရှားကစားသမား ဘာတာရီနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဘာတာရီသည် ကွာတားဖိုင်နယ်တွင် ဆီဒင် (၃) ရ ထိုင်းကစားသမား ဘင်ရာပါကို အနိုင်ကစားခဲ့ခြင်းဖြစ်သည်။
                          
ဆီမီးဖိုင်နယ်ပွဲစဉ်များကို စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား + အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ ပွဲစဉ်များ ပါဝင်မည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်

 

mdn