Myanmar Robo League ပြိုင်ပွဲ(၂၀၁၉ ) အခမ်းအနားကျင်းပ

ရန်ကုန် ၁ ဇွန်

ပညာရေးဝန်ကြီးဌာန၊ ပါမောက္ခချုပ်များကော်မတီ၊ USAID နှင့် ဖန်တီးရာ Makerspace တို့ပူးပေါင်းကျင်းပသည့် Myanmar Robo League ပြိုင်ပွဲ (၂၀၁၉)ကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူမိုးလုံလေလုံ(လက်ဝှေ့) အားကစားရုံ၌ ကျင်းပသည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်အသင်းများနှင့် မိတ်ဆက်တင်ပြသည်။

 

mdn

 

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မြန်မာနိုင်ငံတစ်ဝှမ်းမှ ကျောင်းသားထုအကြား သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာစွမ်းရည်များနှင့် ရင်းနှီးကျွမ်းဝင်မှုကိုမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပသော  မြန်မာနိုင်ငံတွင် ပထမဆုံး အကြီးဆုံးမြန်မာ့စက်ရုပ်ပြိုင်ပွဲ (၂၀၁၉)ကို ပညာရေး ဝန်ကြီးဌာန USAID၊  ပါမောက္ခချုပ်များ ကော်မတီ၊ ဖန်တီးရာအဖွဲ့တို့နှင့် ပူးပေါင်းပံ့ပိုးကျင်းပခွင့် ရရှိသည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မြန်မာစက်ရုပ်ပြိုင်ပွဲကြီးအတွက် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ် ၄၆ ကျောင်းမှ လျှောက်လွှာပေါင်း ၇၃၆ စောင်ကို လက်ခံရရှိပြီး ယနေ့ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု တက္ကသိုလ်အသင်း ၁၄ သင်းက မိမိတို့ ဖန်တီးတည်ဆောက်ထားသော စက်ရုပ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ပါကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အသင်း ၁၄ သင်းအနက် အသင်း ၆ သင်းတွင် အမျိုးသမီးပါဝင်မှု ၅၀% ကျော်ရှိသဖြင့် ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း။

၂၀၁၇ ခုနှစ်က ဝါရှင်တန်ဒီစီတွင် ကျင်းပခဲ့သော 2017 FIRST Global Challenge တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ သန့်ရှင်းသောရေ ရရှိရေးအတွက် စက်ရုပ်များ၏ အသုံးဝင်ပုံကို နိုင်ငံပေါင်း ၁၅၇ နိုင်ငံမှ အဖွဲ့ပေါင်း ၁၆၀ ဝင်ရောက်ယှဉ်ပြိုင်ရာ မြန်မာနိုင်ငံက အဆင့် ၆ ရရှိခဲ့ပါကြောင်း၊ 2018 FIRST Global Challenge ကို မက္ကဆီကိုစီးတီးတွင် ကျင်းပရာ လျှပ်စစ်ထုတ်လုပ်ရေးတွင် စက်ရုပ်များ၏ အသုံးဝင်ပုံကို ယှဉ်ပြိုင်ရာတွင် အဆင့် ၆၄ ရရှိခဲ့ပါကြောင်း၊ 2019 FIRST Global Challenge ကို ဒူဘိုင်းမြို့တွင် အောက်တိုဘာ ၃ ရက်မှ ၅ ရက်ထိ ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံကိုယ်စားပြုအသင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ယခုကဲ့သို့ ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေ့စဉ်ဘဝတွင် စက်ရုပ်များမှာ ပို၍အသုံးတွင်ကျယ်လာနေကြောင်း၊ လူ့အဖွဲ့အစည်း၏အလွှာစုံတွင် စက်ရုပ်အမျိုးမျိုးကို  ပေါင်းစပ်အသုံးချရန် အရေးကြီးလာပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ USAID နှင့် ဖန်တီးရာအဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စက်ရုပ် ပညာရှင်ကျောင်းသားများအတွက် လိုအပ်သော အရည်အသွေး ၁၀ ရပ်ကို မြှင့်တင်ပေးကာ စက်ရုပ်ပညာရပ်ထွန်းကားလာရေးကို အားပေးဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး စကော့အလန် မာစီရယ်လ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့် စပ်လျဉ်းသည့် ဗီဒီယိုကလစ်အားပြသပြီး ပြိုင်ပွဲဝင်အသင်းများက ယှဉ်ပြိုင်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုရရှိကြသည့် အသင်းများကို ဂုဏ်ပြုဆုများချီးမြှင့်ကြရာ Myanmar Robo League Winner Award (2019)ဆုကို ရန်ကုန်အသင်း၊ Best Strategy Award ဆုကို ရခိုင်အသင်း၊ Best Program Award ဆုကို စစ်ကိုင်းအသင်း၊ Best Driving Team Awardဆုကို ပဲခူးအသင်း၊ Best Robot Design Award ဆုကို ကယားအသင်း၊ Most Cooperative Team Award ဆုကို ကရင်အသင်း၊ Most Helpful Team ဆုကို မန္တလေးအသင်း၊ Outstanding Mentor Award ဆုကို ကချင်အသင်းတို့က ရရှိခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများအချင်းချင်း တွေ့ဆုံကာ အသိပညာဗဟုသုတများ၊ သင်ကြားထားသော အတွေ့အကြုံများ ဖလှယ်နိုင်ရန်၊ အချင်းချင်း နားလည်ယုံကြည်မှုနဲ့ ပူးပေါင်းလုပ်ဆောင်မှုတို့ကို မြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ကျောင်းသား ကျောင်းသူများ ပါဝင်သည့် အသင်း(၁၄)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယခုပြိုင်ပွဲမှတစ်ဆင့် ဒူဘိုင်းမြို့၌ကျင်းပ ပြုလုပ်မည့် First Global Robotics Competition ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံကိုယ်စားပြု ကျောင်းသား ကျောင်းသူများအား ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်