မယ်ဆိုင်ရှိ ဂူထဲ ဝင်ရောက်သွားသော ဆယ်ကျော်သက်အများစု ပါတဲ့ လူငယ် ၁၃ ဦး ရှာဖွေရေးမှာ ထိုင်းရေတပ်ပါဝင်လာပြီ

၂၅ ဇွန်

ထိုင်းဘုရင့်ရေတပ်မှာ အဖွဲ့ဝင် ၁၈ ဦးပါတဲ့ ကယ်ဆယ်ရေးအဖွဲ့ဟာ မယ်ဆိုင်ရှိ ကျောက်လှိုဏ်ဂူထဲ ဝင်ရောက်သွားရင်း ပြန်ထွက်မလာသေးတဲ့ လူငယ် ၁၃ ဦးကို ကယ်ဆယ်ဖို့အတွက် ရောက်ရှိကာ ကယ်ဆယ်ရေးတွေ စတင်လုပ်ဆောင်နေပါပြီ။

အခုသတင်းရေးချိန် မြန်မာစံတော်ချိန်  မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အထိ လူငယ်တွေ ရှာဖွေလို့ မရသေးဘူးလို့ သိရပါတယ်။ ရှာဖွေရေး အဖွဲ့ဝင်တွေက ဂူထဲကို ဝင်ရောက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။ 

ဂူအပြင်မှာ ကျောင်းသားတွေရဲ့ မိဘများနဲ့အတူ ဒေသခံတွေက လူငယ်လေးတွေ ဘေးအန္တရာယ်ကင်းရှင်းဖို့အတွက် ဆုတောင်းနေကြပါတယ်။ 

ပျောက်သွားတဲ့ လူငယ် ၁၃ ဦးမှ ၁၂ ဦးဟာ အသက် ၁၃ - ၁၆ နှစ်အရွယ် ဘောလုံးအားကစားပညာ တက်ရောက်သင်ကြားနေတဲ့ ကျောင်းသားများဖြစ်ပြီး သူတို့ ရဲ့နည်းပြ အသက် ၂၅ နှစ်အရွယ် တို့ဟာ စနေနေ့ ညနေပိုင်းကတည်း ကျောက်ဂူထဲ ဝင်သွားခဲ့ကြတာ ဖြစ်ပါတယ်။ 

စနေနေ့ ည ၇ နာရီလောက်မှာ ကျောက်ဂူရှိရာ အမျိုးသားပန်းခြံရဲ့ တာဝန်ရှိသူတွေက ကျောက်ဂူအပြင်မှာ စက်ဘီး ၁၁ စီးနှင့် ဆိုင်ကယ် ၁ စီးနှင့်အတူ ကျောပိုးအိတ်များ၊ ဘောလုံးကန် ဖိနပ်များ၊ အားကစားသမား အသုံးဆောင်ပစ္စည်းများကို တွေရှိတဲ့အတွက် ဒေသတွင်းရှိ ဘောလုံးအသင်းကို ဆက်သွယ်ရာ အဲဒီဘောလုံးသမားတွေနဲ့ နည်းပြဟာ သူတို့ သင်တန်းကျောင်းက ဖြစ်တယ်လို့ သိရပါတယ်။ 

တာဝန်ရှိသူတွေဟာ ကျောက်ဂူထဲကို ဝင်ရောက်ပြီး ရှာဖွေဖို့ စနေနေ့ညပိုင်းကစပြီး တနင်္ဂနွေတစ်နေ့လုံး  ကြိုးစားခဲ့ပေမယ့် ကျောက်ဂူကို ၃ ကီလိုမီတာလောက် ဝင်အပြီး  မိုးသည်းထန်စွာရွာတဲ့အတွက် ဂူထဲကို ရေတွေစီးဝင်လာပြီး ဂူအောက်ခြေမှာ ရွှံ့ထူတာနဲ့ ရေစီးသန်လာတာကြောင့် ရှာဖွေခြင်း ရပ်ဆိုင်းလိုက်ရပါတယ်။ 

ကယ်ဆယ်ရေးသမားတွေက ဂူပေါက်ကို သဲအိတ်တွေနဲ့ပတ်ပြီး ရေထပ်မဝင်အောင် လုပ်ဆောင်ပြီး ကယ်ဖို့ကြိုးစားဖို့ စဉ်းစားပေမယ့် အန္တရာယ်မရှိ သဘာဝအတိုင်း ရေတွေ ဂူထဲထပ်မဝင်မှ ကယ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တာကြပါတယ်။ ဂူထဲကို ရေစီးနှင့်အတူ အစားအစာနှင့် သောက်ရေသန့်ဗူးတွေကို ပို့ကြောင်း သိရပါတယ်။ ဒီအစားအစာတွေဟာ အနည်းဆုံး သီတင်းတစ်ပတ်စာ လုံလောက်တယ်လို့ သတင်းတွေမှာ ရေးသားထားပါတယ်။ 

ဒေသခံတွေ အပြောအရ ဒီဂူမှာ နှစ်စဉ်လို လူပျောက်တာမျိုးဖြစ်တတ်ပေမယ့် သီတင်းတစ်ပတ်အတွင်း ပြန်တွေ့တာမျိုး ရှိတယ်လို့ သိရပါတယ်။ 

ကျောက်ဂူဟာ ၇ ကီလိုမီတာ ရှည်လျားပြီး အမြင့်ပေ ၁၀ဝ - ၁၅၀ စင်တီမီတာ မြင့်တဲ့ ဂူဖြစ်ပါတယ်။ အဲဒီကျောက်ဂူထဲကို စီးဆင်းနေတဲ့ စမ်းချောင်းငယ်လေးလည်း ရှိတယ်လို့ သိရပါတယ်။  ဒီကျောက်ဂူဟာ ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားတဲ့နေရာ တစ်ခုဖြစ်တာကိုလည်း တွေ့ရပါတယ်။  အဲဒီဂူကို ရောက်ဖူးတဲ့သူတွေ အပြောအရတော့ ဒီဂူက တစ်ဘက်ပိတ်ဂူမဟုတ်ကြောင်းနဲ့ အဲဒီဂူဟာ တခြားဂူတွေနဲ့လည်း ဆက်နေတယ်လို့ ပြောပါတယ်။ 

MDN
Love Mae Sai facebook.