မယ်ဆိုင်ရှိဂူထဲမှာ ပိတ်မိနေတဲ့လူငယ်တွေ ကယ်ထုတ်နိုင်မယ့် နည်းလမ်းများ

၅ ဇူလိုင်

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်အတွင်းရှိ ထမ့်လွမ်းဂူမှာ ပိတ်မိနေတဲ့ ကလေးငယ်တွေကို ရှာဖွေရာက လွယ်ကူတယ်လို့ ပြောနိုင်ပေမယ့် သူတို့အားလုံးကို ဂူ့အပြင်ကို ဘေးအန္တရာယ်ကင်းကင်းနဲ့ကယ်ထုတ်ဖို့ဆိုတာ ခက်ခဲကြောင်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ဂူထဲမှာ ပိတ်မိနေတဲ့ အသက် ၁၁ နှစ်ကနေ ၁၆ နှစ်အရွယ် ကလေးငယ်တွေနဲ့ သူတို့ရဲ့နည်းပြတို့ ကယ်ထုတ်နိုင်တဲ့ နည်းလမ်း( ၆) ခုကို စဉ်းစားကြည့်မယ်ဆိုရင်

(၁) ဂူထဲမှာ ရေခန်းချိန်ထိစောင့်တဲ့နည်းလမ်း

ဒီနည်းလမ်းက အန္တရာယ်အကင်းဆုံးနဲ့ ရိုးရိုးရှင်းရှင်းနည်းလမ်းဖြစ်တယ်။ ဒါပေမယ့် အချိန်အကြာကြီးယူရမယ်။ လနဲ့ချီပြီး စောင့်ရနိုင်ပါတယ်။

(၂) ဂူထဲက ရေတွေကို ပိုက်နဲ့ စုပ်ထုတ်တဲ့နည်းလမ်း

ဒီနည်းလမ်းမှာဆိုရင် ဂူထဲကရေတွေကို စုပ်ထုတ်ပြီး ကလေးတွေကို ရေထဲမှာ လမ်းလျှောက်ထွက်လာနိုင်တဲ့ အခြေအနေကျမှ ဂူထဲကထွက်လာနိုင်ဖို့ဖြစ်ပါတယ်။ ရေတွေကို စုပ်ထုတ်ရာမှာ တစ်နာရီကို လက်မဝက် လောက်လျှော့ကျသွားအောင် စုပ်ထုတ်နိုင်ပါတယ်။ ဒါပေမယ့် ရာသီဥတုကတော့ ပြောစရာရှိပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မိုးတွေကသည်းသည်းမည်းမည်း သီတင်းပတ်နဲ့ချီပြီးရွာတဲ့အတွက် ရေတွေက စုပ်ထုတ်နိုင်တဲ့ အင်အားထက် ပိုတဲ့ရေတွေ လိမ့်ဝင်လာနိုင်ပါတယ်။

(၃) ဂူ မှာ တခြားထွက်ပေါက်ရှာတဲ့နည်းလမ်း

ဂူဟာ တောင်တွေကြားမှာ ၁၀ ကီလိုမီတာကျယ်ပြန်တဲ့ အနေထားရှိပါတယ်။ အဲဒီမှာ တခြားထွက်ပေါက် တစ်ခုရှိနိုင်ပါတယ်။ အဲဒီထွက်ပေါက်က လူတွေမသိသေးတာလည်းဖြစ်နိုင်တယ်။ အခုကလေးတွေရှိနေတဲ့ နေရာမှာတော့ ထွက်ပေါက်မရှိပါဘူး။ ကယ်ဆယ်ရေးအဖွဲ့တွေက တခြားထွက်ပေါက်တစ်ခုကို ရှာဖွေနေပါတယ်လို့ ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးကလည်း ပြောထားပါတယ်။

(၄) ပိတ်မိနေတဲ့ ကလေးတွေ ရေငုပ်သင်တန်းပေးခြင်း

ကလေးတွေကို ဂူအတွင်းမှာ ရေငုပ်သင်ပေးပြီး ကယ်ထုတ်တဲ့နည်းကို လူတော်တော်များများက အပြောများ နေပေမယ့် ဒီနည်းလမ်းဟာ အင်မတန်ရှုပ်ထွေးပြီး အန္တရာယ်များပါတယ်။ ကျန်းမာသန်စွမ်းတဲ့ အရွယ်ရောက်ပြီး သူတစ်ယောက်အတွက် ရေငုပ်တက်ဖို့ရာ ၃ ရက်လောက်သင်ရပါတယ်။ ရေငုပ်သင်ဖို့အတွက် ရေကသန့်ရှင်း ကြည်လင်နေတာမျိုး ဒါမှမဟုတ် နေအလင်းရောင် ရရှိတဲ့နေရာဖြစ်တာမျိုးနဲ့ ခေါင်းပေါ်မှာ အတားအဆီး အပိတ်အဆို့ မရှိတာမျိုးလိုပါတယ်။ အခုဟာက ဂူကမဲမှောင်နေတယ်။ ရေတွေက ရွံ့ရေတွေ ဖြစ်နေတယ် ရှေ့ကို မြင်နိုင်တဲ့အကွာအဝေးက နည်းနည်းပဲရှိတယ်။ တကယ်လို့ တစ်ခုခု အမှားအယွင်းဖြစ်တာဘဲဖြစ်ဖြစ် ၊ ကလေး ၁၃ ယောက်ထဲက ၁ ယောက်က လန့်ဖြန့်သွားတာမျိုးဖြစ်ဖြစ် အဲ့ဒီလိုဖြစ်ခဲ့ရင် အန္တရာယ်ရှိပါတယ်။ ဂူထဲမှာ အလွန်ကျဉ်းမြှောင်းတဲ့နေရာက ၁၅ မီတာလောက်ရှိပြီး အဲဒီနေရာမှာ မြင်နိုင်တဲ့ အလင်းရောင်မရှိဘူး။ လက်နှိပ်ဓါတ်မီးကိုသာ အားပြုရတဲ့ နေရာကလည်း ရှိနေပါတယ်။

(၅) ထူးချွန်တဲ့ ကလေးတစ်ယောက်ကိုရွေးတဲ့ နည်းလမ်း

ဒီနည်းလမ်းအပေါ်က ရေငုပ်တဲ့နည်းလမ်းရဲ့ အဆက်လို့ ခေါ်နိုင်ပါတယ်။ ကလေးတွေကို ရေငုပ်သင်ပေးပြီး အဲ့ဒီထဲက တစ်ယောက်ကို အရင်ရွေးထုတ်ပြီး တစ်ယောက်ကို အရင်သွားခိုင်း သူသွားနိုင်တဲ့အခါမှသာ နောက်ထပ်ကလေးတွေကို သူတောင်သွားနိုင်တယ် မင်းဘာလို့ မလုပ်နိုင်ရမလဲ ပုံစံမျိုးနဲ့ ကယ်ထုတ်မယ်ဆိုရင်ရောလို့ပြောပြီး အားလုံးကို ကယ်ထုတ်တဲ့နည်းလမ်းဖြစ်ပါတယ်။

(၆) အထုတ်တွေ ရေပေါ်မှာ ပေါ်တဲ့နည်းလမ်း

သဘောက ဒီကလေးတွေကို လေဘောလုံးထဲမှာ အောက်ဆီဂျင်မျက်နှာတပ်ပြီးထည့် အဲဒီအထုတ်ကို ကယ်ဆယ်ရေးသမားတွေက ထုတ်ယူလာတဲ့သဘောမျိုးဆိုရင်ရော ဗြိတိန်နိုင်ငံသာ ကယ်ဆယ်ရေးသမားက ပြောပါတယ်။ သူဆက်ပြောတာကလည်း ဂူရဲ့ တစ်ချို့နေရာတွေကကျဉ်းပြီး လေတအားတိုက်တဲ့အတွက် ဒီနည်းလမ်းက ဖြစ်နိုင်မလား မဖြစ်နိုင်ဘူးလားဆိုတာက ရှင်းလင်းခြင်းမရှိသေးပါဘူး။

ဒီနည်းလမ်းတွေကတော့ ၁၀ ရက်ကြာ ဂူထဲမှာ ပိတ်မိပြီး အဆက်အသွယ်ပြတ်နေတဲ့ ကလေးတွေကို ကယ်ထုတ်နိုင်တဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။

MDN

ကိုးကား- AFP