နာဂျစ် နဲ့ ဆက်စပ်နေတဲ့ နေရာတွေက သိမ်းဆည်းရရှိသည့် ပစ္စည်းတန်ဖိုး ဒေါ်လာ သန်း၂၇၀ကျော် ရှိကြောင်း စာရင်းထုတ်ပြန်

၂၇ ဇွန်

မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ် နဲ့ ဆက်စပ်နေတဲ့ နေရာ ၆ နေရာက သိမ်းဆည်းရရှိသည့် ပစ္စည်းများ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၇၃ သန်း ရှိကြောင်း စာရင်းထုတ်ပြန်အရ သိရပါတယ်။ အဲဒီပစ္စည်းများထဲမှာ ငွေကြေးများ၊ အဖိုးတန်လက်ဝတ်ရတနာများ၊ လက်ပတ်နာရီများနှင့် အဖိုးတန်လက်ကိုင်အိတ်များ ပါဝင်ကြောင်း စာရင်းမှာ ဖော်ပြထားပါတယ်။

နာဂစ်ရဲ့ ဝန်ကြီးချုပ်လစာမှာ တစ်လကို အမေရိကန်ဒေါ်လာ ၅၆၇၀ နှင့် ညီမျှသော မလေးရှားရင်းဂစ် ၂၂ ၈၂၇ ရရှိကြောင်း သိရပါတယ်။ 

အဲဒီပစ္စည်းများစာရင်းကိုလေ့လာကြည့်မယ်ဆိုရင် မလေးရှားငွေ ရင်းဂစ်၁၁၆ သန်း အပါအဝင်နိုင်ငံပေါင်း ၂၆ နိုင်ငံမှာ အသုံးပြုနေတဲ့ ငွေကြေးများ၊ ကျောက်မျက်ရတနာ များတွင် ဆွဲကြိုးကုံးပေါင်း ၁,၄၀ဝ၊ လက်စွပ် ၂၂၀ဝ၊ နားကပ်ပေါင်း ၂၈၀ဝ၊ လက်ကောက် ၂၁၀ဝ ၊ ရင်ထိုး ၁၆၀ဝ နှင့် သရဖူ ၁၄ ခု ပါရှိပြီး အဲဒီထဲက တန်ဖိုးအကြီးဆုံး စိန်လည်ဆွဲတစ်ကုံးတန်ဖိုးမှာ မလေးရှားငွေ ၆.၄ သန်းတန်ကြောင်း သိရပါတယ်။

အဖိုးတန် လက်ကိုင်အိတ် ပေါင်း ၅၆၇ အိတ် ဖမ်းမိကြောင်း Hermes တံဆိပ် အိတ်ပေါင်း ၂၇၂လုံး ၊ တခြားတံဆိပ်တွေဖြစ်တဲ့ Prada၊ Chanel၊ Judith Leiber ၊ Kwanpen နှင့် Bijan တံဆိပ် အပါအဝင် တံဆိပ်ပေါင်း ၇၂ မျိုး က ထုတ်လုပ်ထားတဲ့ အိတ်ပေါင်း ၂၉၅ လုံး ပါရှိကြောင်း စာရင်းထုတ်ပြန်ထားပါတယ်။

Rolex နှင့် Chopard အပါအဝင် တံဆိပ်ပေါင်း ၁၀ဝ ကျော်က ထုတ်လုပ်ထားတဲ့ နာရီပေါင်း ၄၂၃ လုံး နှင့် နေကာမျက်မှန် တံဆိပ်ပေါင်း ၃၄ ခုမှ ထုတ်လုပ်ထားတဲ့ မျက်မှန် အလက်ပေါင်း ၂၃၄ လက် တို့ ပါဝင်ကြောင်း သိရပါတယ်။

အခုသိမ်းဆည်းရရှိခဲ့တဲ့ ပစ္စည်းတွေကို ရေတွက်တန်ဖိုးဖြတ်ဖို့အတွက် မေလ ၂၁ ရက်နေ ဇွန်လ ၂၅ အထိ တစ်လကျော် အချိန်ယူခဲ့ရကြောင်း ဒီလောက်များပြားတဲ့ ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တာ မလေးရှားသမိုင်းမှာ မရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အကြီးအကျယ် လာဘ်စားမှုလုပ်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ်ဖြစ်လာတဲ့ မဟာသီယာမိုဟာမက်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ နာဂျစ်နဲ့ သူ့ခရိုနီတွေဟာ မလေးရှား ဖွံ့ဖြိုးရေး ရန်ပုံငွေ (1M DB) အလွဲသုံးစားလုပ်ခဲ့တယ်လို့ စွပ်စွဲမှုတွေကလည်း ထွက်ပေါ်နေပါတယ်။

နာဂျစ်ရဲ့ဇနီး ရို့စမားမန်ဆာဟာ နိုင်ငံခြားတိုင်းပြည်တွေကို သွားပြီးဈေးဝယ်ထွက်တာကို ကြိုက်တဲ့သူ၊ အဖိုးတန်လက်ကိုင်အိတ်တွေနဲ့ လက်ဝတ်ရတနာကို ခုံမင်နှစ်ခြိုက်သူဖြစ်တဲ့အတွက် မလေးရှားလူထုက ဒေါသဖြစ် အောင် မီးထိုးသလို ရှိကြောင်း သတင်းတွေမှာ ရေးသားထားပါတယ်။

MDN

ကိုးကား -AFP.