နာမည်ကျော် ဆင်စခန်းတစ်ခုဖြစ်သော ပလင်းကမ်းသာယာဆင်စခန်းသို့ ရုံးပိတ်ရက်များတွင် ရန်ကုန်မှ လာရောက်သူများပြား

ရန်ကုန် ဇွန် ၂၈


နာမည်ကျော် ဆင်စခန်းတစ်ခုဖြစ်သော ပလင်းကမ်းသာယာဆင်စခန်းသို့ ရုံးပိတ်ရက်များတွင် ရန်ကုန်မှလာရောက်သူ များပြားကြောင်း အဆိုပါ ဆင်စခန်းမှ သိရသည်။



မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေး၊ အ‌နောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ပလင်းကမ်းသာယာဆင်စခန်းကို ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး  မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Online မှတစ်ဆင့် ဆက်သွယ်၍ ဆင်စာဘူဖေး ကျွေးမှုများလည်း ရှိသည်။


"ကျွန်တော်တို့က ပုံမှန်တနင်္လာနဲ့ ကြားရက် သောကြာဆိုရင် ဒေသခံခရီးသွားများပါတယ်။ စနေ၊ တနင်္ဂနွေရက်တွေဆို ကျွန်တော်တို့နဲ့ချိတ်ဆက်ထားတဲ့ ခရီးသွားကုမ္ပဏီတွေရှိပါတယ်။ ရန်ကုန်ကနေ သောကြာနေ့ ညနေထွက်တယ်။ တနင်္ဂနွေပြန်ရောက်တယ်။ တနင်္လာရက်တွေ ပြန်ရောက်တယ်၊ ခရီးသွားကုမ္ပဏီတွေနဲ့ ချိတ်ဆက်ထားတဲ့သူတွေက စနေ၊ တနင်္ဂနွေဆို လာပါတယ်။

 

အဲဒီရက်တွေဆို လူပိုများတာပေါ့နော်။ ရန်ကုန်ကအဖွဲ့တွေ ပိုများပါတယ်။ မိုးတွင်းမှာတော့ ခရီးသွားတွေ ကုမ္ပဏီတွေနဲ့ချိတ်ဆက်ပြီးတော့ ဆောင်ရွက်‌နေတာရှိပါတယ်။ မလာတဲ့ရက်တော့ မရှိဘူး။ ရန်ကုန်ကခရီးသွားတွေ ပိုများတယ်" ဟု ပလင်းကမ်းသာယာ ဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကို က ပြောသည်။



ထို့အပြင် အဆိုပါဆင်စခန်းရှိ ဆင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ထားကာ ဆင်စခန်းများမှ ခရီးသွားများအား ကြိုဆိုလျက်ရှိကြောင်း သိရသည်။


"ဆင်တွေကိုတော့ ကျွန်တော်တို့ ပုံမှန်ကာကွယ်ဆေးထိုးပေးတယ်။ ပုံမှန်လိုအပ်တဲ့ ဖြည့်စွက်စာတွေ ကျွေးတယ်၊  ကျန်းမာရေးအခြေအနေကိုတော့ ကျွန်တော်တို့အမြဲတမ်း ထိန်းသိမ်းစောင့်ရှောက်နေ တဲ့အတွက်  လိုအပ်တဲ့ကာကွယ်ရေးတွေကိုလည်း သူ့သတ်မှတ်တဲ့ ကာလအတိုင်း ဆောင်ရွက်ပေး လျက်ရှိပါတယ်။ ကျွန်တော်တို့ဆင်စခန်းတွေကတော့ ပုံမှန်ဖွင့်လှစ်ပါတယ်။ ဆင်စခန်းတွေ အများကြီးရှိပါတယ်။ ပုသိမ်မှာလည်းရှိတယ်။ နေပြည်တော်မှာလည်းရှိတယ်။ တောင်ကြီးမှာလည်း ရှိတယ်။ နေရာဒေသအသီးသီးမှာလည်း ရှိပါတယ်။ လာတဲ့ဧည့်သည်တွေကိုလည်း ပုံမှန် ဝန်ဆောင်မှုတွေပေးပြီး အဆင်ပြေအောင် ဆောက်ရွက်ပေးလျက်ရှိပါတယ်။ ကျွန်တော်တို့ ပလင်းကမ်းသာယာမှ ဆင်စခန်းမှမဟုတ်ဘူး ဖွင့်လှစ်ထားတဲ့ ဆင်စခန်အားလုံးက ကြိုဆိုလျက်ရှိပါ တယ်လို့ ပြောချင်တယ် " ဟု ဦးမျိူးမင်းကို ဆက်လက်ပြောသည်။

Thit Taw