နွားနို့သောက်သုံးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး အခြေခံပညာကျောင်းများ၌ နို့တိုက်ကျွေး

 

ဘားအံ စက်တင်ဘာ ၂၈

 

ရွှေကင်းအခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူ ၁၃၂ ဦး၊ အမှတ် (၁၈) အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၂၄ ဦး စုစုပေါင်း ၂၅၆ ဦးကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အစိုးရအဖွဲ့ဝင်များနှင့် ကျောင်းသားမိဘများက နွားနို့နှင့်ကြက်ဥများ တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။

 

ယနေ့ နံနက်ပိုင်းက ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးရေးနေ့ အထိမ်းအမှတ်အနေဖြင့် ကလေးငယ်များ နွားနို့သောက်သုံးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ဘားအံမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများတွင်  ထိုသို့တိုက်ကျွေးခဲ့ကြခြင်းဖြစ်သည်။

 

mdn

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ မိုးကယ်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတေဇိန္ဒအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ လှူဖွယ် ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ် ကော့ဒါန်းမယ်-ဝါးဆူးကွင်း၌ မိုးစပါးစိုက်ပျိုး ထားရှိမှု၊ တစ်ဧကအထွက်နှုန်း တိုးတက်ရရှိရေးနှင့် မိုးစပါးအပြီး ဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကော့ဒါန်းမယ်ကျေးရွာ၌ ၂၀၂၂-၂၀၂၃ ခု ထောက်ပံ့ရန်ပုံငွေကျပ် ၁၈ ဒဿမ ၈ သန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ လေးလက္မ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင် ကွန်ကရစ်ရေစင် တည်ဆောက်ခြင်းလုပ်ငန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် နိုင်ငံတော်ထောက်ပံ့ငွေ ကျပ် ၁၀ သန်း၊ ပြည်သူထည့်ဝင်ငွေ ကျပ် သန်း၂၀ ဖြင့် ဆောင်ရွက်သော (ပေ ၃၀ x ပေ ၄၀ x ၁၂ပေ)ရှိ ကျေးရွာခန်းမတည်ဆောက်ခြင်း လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီအချိန်မီပြီးစီးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်