နွားထိုးကြီးမြို့ သစိုးကျေးရွာတွင် ရှေးဟောင်းပန်းချီလက်ရာများ တွေ့ရှိ

မန္တလေး ၂၇ ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် သစိုးကျေးရွာ အင်းဝကျောင်းတိုက် ဘုရားသုံးဆူတွင် ခရစ်နှစ် ၁၇၉၀ - ၁၈၁၀ ဝန်းကျင်ရှိ ထိုင်းနိုင်ငံမြောက်ပိုင်း လန်းနာဒေသ ပန်းချီဟန် ရှိသည့် နံရံပန်းချီများကို ဒီဇင်ဘာ ၂၄ ရက်က လမ်းပြုပြင်ရေးလုပ်ကိုင်နေသူတစ်ဦးမှ တွေ့ရှိခဲ့ကြောင်း သိရသည်။

 

“ကုန်းဘောင်ခေတ်ဦး အလောင်းမင်းတရားကြီးလက်ထက် ဦးအောင်ဇေယျ၏ ဒုတိယသားတော်ဖြစ်တဲ့ အင်းဝဆင်ဖြူ ရှင်မင်းကြီးသည် ယိုးဒယားကိုစစ်နိုင်ချိန် အယုဒ္ဓယမှ ပန်းဆယ်မျိုး ပညာရှင်တွေ ခေါ်လာခဲ့ဖူးတယ်၊ သားတော် စဉ့်ကူးမင်းလက်ထက်မှာ တည်ဆောက်ရေးလုပ်ငန်း တိုးချဲ့ရာ ပုဂံမြို့ဟောင်း အာနန္ဒာဘုရား မြောက်ဘက်အဝင်နား အာနန္ဒာအုတ်ကျောင်း၊ အမရပူရခေတ်၊ ပုဂံမင်း ကုသိုလ်တော် တောင်သမန် ကျောက်တော်ကြီးဘုရား၊ တောင်ဘီရွာ ကမ္မကျောင်းဦး ဘုရားနှစ်ဆူတွင် ထိုင်းနိုင်ငံ မြောက်ပိုင်း "လန်းနာ" ဒေသ ပန်းချီလက်ရာ ဟန်မျိုးတွေ ရှိပါတယ်။

 

တစ်ချိန်က မြန်မာနိုင်ငံပိုင်မြေမှာ ခေတ်အဆက် နေထိုင်ကြသော ယိုးဒယားလူမျိုးများမှ ရေးဆွဲသွားခဲ့တာ ဖြစ်နိုင်တယ်”ဟု မြန်မာမှုဗိသုကာ ဆရာကြီး တမ္မဝတီ ဦးဝင်းမောင်မှ သုံးသပ်မှီငြမ်းပြောပြခဲ့သည်။ ရှေးဟောင်း ပန်းချီလက်ရာများတွေ့ရှိခဲ့သည့် နေရာသို့ မြန်မာမှု ဗိသုကာ ဆရာကြီး တမ္မဝတီ ဦးဝင်းမောင်၊ ရတနာပုံတက္ကသိုလ် ရှေးဟောင်းသုသေသန ပညာဌာနမှ ဒေါက်တာ ဒေါ်သန်းအေးနှင့် တွဲဖက်ပါမောက္ခ ဆရာ ရာဇအောင်မြေတို့သည် ပန်းချီလက်ရာများတွေ့ရှိခဲ့သူ ဘိုဘိုအောင်၏ ပံ့ပိုးကူညီလမ်းပြမှုဖြင့် လေ့လာ မှတ်တမ်း တင်ခဲ့ကြကြောင်း သိရသည်။

 

ငွေအိုး(ကသာ)