Naypyitaw State Academy တွင် ပထမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၃

Naypyitaw State Academy တွင် ကျောင်းသား၊ ကျောင်းသူများ မြန်မာ့ ရိုးရာအစဉ် အလာများကို သိရှိနားလည်သဘောပေါက်၍ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်စေလိုသော ရည်ရွယ် ချက်များဖြင့် ပထမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၂နာရီတွင် ကျင်းပသည်။ 

အဆိုပါ ထမနဲထိုးပြိုင်ပွဲတွင် ဒုတိယပါမောက္ခချုပ်(သင်တန်း) ဒေါက်တာစိုးစိုးအောင်က ပြိုင်ပွဲကျင်းပရ သော ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ဝိဇ္ဇာပညာမဟာ ဌာန ကိုယ်စားပြု သဇင်အသင်း၊ သိပ္ပံပညာမဟာဌာန ကိုယ်စားပြု ကံ့ကော်အသင်း၊ ဥပဒေနှင့် စီးပွာရေး ပညာမဟာဌာန များကိုယ်စားပြု ခွာညိုအသင်း၊ သင်တန်းရေးရာဌာန ကိုယ်စားပြု သံလွင်အသင်းနှင့် စီမံ/ဘဏ္ဍာဌာန ကိုယ်စားပြု သစ်ခွအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။

 ထို့နောက် ပြိုင်ပွဲတွင် ပထမဆုရရှိသော ကံ့ကော်အသင်း၊ ဒုတိယဆုရရှိသော ခွာညိုအသင်း၊ တတိယဆုရရှိသော သဇင်အသင်းနှင့် နှစ်သိမ့်ဆုရရှိသော အသင်းများကို ဒုတိယပါမောက္ခချုပ်များက ဆုများချီးမြှင့်ကြသည်။ 

အဆိုပါပြိုင်ပွဲသို့ Naypyitaw State Academy မှ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ တွဲဖက်ပါမောက္ခ (ဌာနမှူးများ)၊ သင်တန်းရေးရာနှင့် စီမံရေးရာဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ ပါဝင်တက်ရောက်အားပေးကြကြောင်း သိရသည်။

သတင်းစဉ်