နေပြည်တော်၊ နိုဝင်ဘာ ၉
Naypyitaw State Academy ကို “ပညာရှင်များမွေးထုတ်ရာ ဦးဆောင်တက္ကသိုလ်” ဖြစ်လာရန် မျှော်မှန်းချက်ဖြင့် မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်က တည်ထောင်ဖွင့်လှစ်ခဲ့ရာ ယနေ့ဆိုလျှင် နှစ်နှစ်ပြည့်မြောက်ပြီဖြစ်ပြီး စဉ်းစားတွေးခေါ်ဖန်တီးမှုကို အားပေးသော၊ အရည်အသွေးပြည့်ဝသော သင်ကြားသင်ယူ လေ့ကျင့်မှုများမှတစ်ဆင့် အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှုကိုအားပေးသည့် အဆင့်မြင့်ပညာရပ်များကိုသင်ယူရာ ထိပ်တန်းတက္ကသိုလ်ဖြစ်လာစေရန် ဦးတည်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
Naypyitaw State Academy တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါတက္ကသိုလ်ရှိ ဘက်စုံခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ / ဌာနမှူးများ၊ ဆရာ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က Naypyitaw State Academy ကို စတင်ဖွင့်လှစ်သည့် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် မဟာဌာနကြီး လေးခု၊ အထူးပြုဘာသာရပ် ၁၂ ခုတွင် ကျောင်းသား၊ ကျောင်းသူ ၁၂၆ ဦးကို လက်ခံသင်ကြားခဲ့ရာမှ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် မဟာဌာနကြီး ၇ ခု၊ အထူးပြုဘာသာရပ် ၂၀ တွင် ကျောင်းသား ကျောင်းသူ ၁၅၀၀ ခန့်ဖြင့် ဘက်စုံပညာရပ်များ ဖြန့်ဝေရာ ပညာရပ်ဝန်းတစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်နိုင်မည်ဖြစ်ပါကြောင်း၊ Naypyitaw State Academy တွင် အရည်အသွေးရှိသော သင်ကြားသင်ယူမှုကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် သင်ကြားရေးအထောက်အကူပြုပစ္စည်းများ၊ ခေတ်မီလက်တွေ့ခန်းသုံး ပစ္စည်းများ၊ ကိုယ်ကာယကြံ့ခိုင်မှုပစ္စည်းများ၊ ရည်ညွှန်းစာအုပ်များ၊ Internet Access နှင့် e - library တို့ကို ဖြည့်ဆည်းပေးထားသည့်အပြင် ဘွဲ့နှင်းသဘင်ခန်းမ၊ ကျောင်းသားအိပ်ဆောင်၊ ဝန်ထမ်းအိမ်ရာများကို ဖြည့်ဆည်းတည်ဆောက်လျက်ရှိပါကြောင်း၊ Naypyitaw State Academy ၏ ခန့်ညားထည်ဝါသော ဂုဏ်သတင်းကို အားလုံးထိန်းသိမ်းမြှင့်တင်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် Naypyitaw State Academy ဒုတိယပါမောက္ခချုပ် ဒေါက်တာနုနုလွင်က စာတမ်းဖတ်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး Naypyitaw State Academy ၏ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများကို အမှတ်တရ ကံစမ်းမဲများဖောက်ပေးကြသည်။
ယင်းနောက် သုတေသနစာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပပြီး စာတမ်းရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ Naypyitaw State Academy ဒုတိယပါမောက္ခချုပ်ဒေါက်တာစိုးစိုးအောင်က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်