နေပြည်တော် မတ် ၂၀
နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်းများသည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) နှင့် ဇေယျာသီရိမြို့နယ်ရှိ အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) တို့၌ ယနေ့ စုပေါင်းသွေးလှူဒါန်းကြသည်။
ယနေ့ နံနက်ပိုင်းတွင် အဆိုပါဆေးရုံကြီးများ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရှိ ဌာနကြီးများနှင့် တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်နှင့်စာရေးဝန်ထမ်း စုစုပေါင်း ၁၈၂ ဦး တို့က တစ်ချိန်တည်း ဂုဏ်ပြုသွေးလှူဒါန်းကြခြင်းဖြစ်သည်။
သွေးလှူရှင်တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်းများကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ် (၁) နှင့် ရဲအရာရှိကြီးများ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဆေးရုံအုပ်ကြီး ဒေါက်တာမိုးခိုင်နှင့် တာဝန်ရှိသူများ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ တပ်မှူးဗိုလ်မှူးချုပ် အောင်မြတ်ကျော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး စကားပြောကြားကာ သွေးလှူရှင်များအား အာဟာရဖြည့်စွက်စာများနှင့် အားဆေးများ ထောက်ပံ့ပေးအပ်ကြသည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ရှိ ဆေးရုံဝန်ထမ်းများနှင့် ဆေးရုံတက်ရောက်လျက်ရှိသည့် လူနာများအတွက် အလှူငွေေ သိန်း ၅၀ ကျပ် ပေးအပ်လှူဒါန်းရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ လှူဒါန်းမှုအပေါ် ကျေးဇူတင်စကား ပြောကြားသည်။
နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မတ် ၂၁ ရက်တွင် နေပြည်တော် (ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်း ၁၁၁ ဦးတို့က ဆက်လက်၍ စုပေါင်းသွေးလှူဒါန်းကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
