နှစ်(၃၀)မြန်မာ့သစ်တောကဏ္ဍ ပင်မစီမံကိန်းအရ ဒေသခံပြည်သူအစု အဖွဲ့ပိုင် သစ်တောများကို ဧရိယာဧက (၂ ဒသမ ၂၇)သန်းအထိ တည်ထောင်ရန် ရည်မှန်း 

နေပြည်တော် ၂၁ မေ 

 


ပုဂ္ဂလိသစ်တောစိုက်ခင်း တည်ထောင်ခွင့်ကို ၂၀ဝ၆ခုနှစ်မှ စတင်ခွင့်ပြုခဲ့ရာ စုစုပေါင်းဧက ခြောက်သိန်းခုနစ်သောင်းကျော် (၆၇၀၆၉၂ ဧက)ကို ဆောင်ရွက်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၌  ကျင်းပသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းနှင့် ပုဂ္ဂလိကသစ်တော စိုက်ခင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်တို၊ နှစ်ရှည်ချေးငွေ ရရှိရေး အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။

 


အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပခြင်းဖြစ်ပြီး အချို့ ပုဂ္ဂလိကစိုက်ခင်း လုပ်ငန်းရှင်များအနေဖြင့် စတင်စိုက်ပျိုးစဉ်က ရင်းနှီးမြှုပ်နှံမှု ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်ခဲ့သော်လည်း ရေရှည်တွင် နှစ်စဉ်ပြုစုထိန်းသိမ်း ကုန်ကျစရိတ် များပြားလာကာ အခက်အခဲကြုံတွေ့ လာရသည့်အတွက် နှစ်တို/ နှစ်ရှည် ချေးငွေရရှိနိုင်ရေး နည်းလမ်းများ ဖော်ထုတ်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 


အလုပ်ရုံဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဒေသခံပြည်သူအစု အဖွဲ့ပိုင်သစ်တော လုပ်ငန်းများကိုလည်း သစ်တောဦးစီးဌာနမှ တွန်းအားပေး ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ဧရိယာ ၆၁၉၀၉၈ ဧကကို အဖွဲ့ဝင် တစ်သိန်း နှစ်သောင်းကျော် ပါဝင်သည့် အဖွဲ့ပေါင်း (၄၇၃၇)ကို ဆောင်ရွက်ခွင့် လက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ အချို့အဖွဲ့ဝင်များမှာ စိတ်ဝင်တစား ဆောင်ရွက်နေသော်လည်း သစ်တောများပြုစုထိန်းသိမ်းရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ငွေကြေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အခွင့်အလမ်း နည်းပါးသည်ကို တွေ့ရှိနေရသည့်အတွက် ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ပိုမိုဖွံဖြိုးတိုးတက်ရေးအတွက် နှစ်တို/နှစ်ရှည် ချေးငွေရရှိနိုင်မည့် နည်းလမ်းများကို ဖော်ထုတ်နိုင်ရန် ကျင်းပရခြင်း ဖြစ်ကြောင်း။

 


ပုဂ္ဂလိကသစ်တောစိုက်ခင်း တည်ထောင်ခြင်းလုပ်ငန်းများကို လုပ်ငန်းရှင်များ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန် သစ်တောဦးစီးဌာနအနေနှင့် ယခုကဲ့သို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ လယ်ယာမြေ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ ပုဂ္ဂလိကဘဏ် လုပ်ငန်းရှင်များကို ဖိတ်ကြားပြီး ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးအဖြစ် နှစ်တို/ နှစ်ရှည် ချေးငွေ ရရှိနိုင်ရန် ဝိုင်းဝန်းအဖြေရှာ ဖော်ထုတ်သွားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့- FAO ၏ သစ်တောသယံဇာတ ဆန်းစစ်ချက် အစီရင်ခံစာ (FRA - 2015) အရ နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၉၂ရာခိုင်နှုန်းရှိပြီး ၂၀၁၀ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အကြား နှစ်စဉ် သစ်တောပြုန်းတီးမှုသည် ၁ ဒသမ ၇၂ ရာခိုင်နှုန်းအထိ ရှိလာသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ယခုအခါ နိုင်ငံတော်၏ မူဝါဒနှင့်အညီ ပုဂ္ဂလိကသစ်တောစိုက်ခင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။

 


ထို့ပြင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ နှစ်(၃၀)မြန်မာ့သစ်တောကဏ္ဍ ပင်မစီမံကိန်းအရ ဒေသခံပြည်သူအစု အဖွဲ့ပိုင် သစ်တောများကို ဧရိယာဧက (၂ ဒသမ ၂၇)သန်းအထိ တည်ထောင်ရန် ရည်မှန်း အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

 


ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက် (၂၀၁၉)ကို ၂၀၁၉ ခုနှစ် မေ ၈ ရက်တွင် အမိန့်ကြော်ငြာစာအမှတ်  ၆၉/၂၀၁၉ နှင့် ထုတ်ပြန်နိုင်ခဲ့ပြီး တိုင်းရင်းသား ဘာသာ(၁၅)မျိုးနှင့်လည်း ဘာသာပြန်ဆို ထုတ်ပြန်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


(သတင်းစဉ်)