နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးပြန်လည်စတင်ခဲ့ပြီးနောက် အီရန်နှင့် ဆော်ဒီအာရေဗျခေါင်းဆောင်များ ပထမဆုံးအကြိမ်တွေ့ဆုံ

 

တီဟီရန်၊ နိုဝင်ဘာ ၁၃

 

အရှေ့အလယ်ပိုင်းဒေသ၏ ဒေသတွင်း အင်အားကြီးနိုင်ငံများဖြစ်သည့် အီရန်နိုင်ငံနှင့်    ဆော်ဒီအာရေဗျ နိုင်ငံတို့မှ ခေါင်းဆောင်နှစ်ဦးတို့သည် ယခုနှစ်အစောပိုင်းတွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး   ပြန်လည်စတင်ခဲ့ပြီးနောက်   ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

အီရန်နိုင်ငံသမ္မတ အီဘရာဟင်ရိုင်စီသည် နိုဝင်ဘာ ၁၁ ရက်က ရီယာ့ဒ်၌ ပြုလုပ်သည့် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် အာရပ်အဖွဲ့ချုပ်၏ ပူးတွဲအစည်းအဝေးပြင်ပတွင် ဆော်ဒီအာရေဗျ မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံသမ္မတရုံးက ပြောကြားသည်။

 

အီရန်နိုင်ငံ သမ္မတ အီဘရာဟင်ရိုင်စီနှင့် ဆော်ဒီအာရေဗျမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်တို့သည် ဂါဇာကမ်းမြောင် ဒေသအရေးအပါအဝင် နှစ်နိုင်ငံအပြန်အလှန် ဆက်ဆံရေးနှင့် ဒေသတွင်း ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

အီရန်နှင့် ဆော်ဒီအာရေဗျတို့သည် ဒေသတွင်း ခေါင်းဆောင်မှုတွင် ပြိုင်ဘက်နိုင်ငံများဖြစ်ပြီး သံတမန်ဆက်ဆံရေး ခုနစ်နှစ်ကြာ ရပ်ဆိုင်းထားခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ယခုနှစ် မတ်လတွင် သံတမန်ဆက်ဆံရေးပြန်လည် ထူထောင်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် နှစ်နိုင်ငံ သံရုံးများကိုလည်း ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ၊

ဘာသာပြန် - အလင်းသစ်