နှစ်သစ်ကူးရုံးပိတ်ရက် မဟာသင်္ကြန်ကာလတွင် ချောင်းသာကမ်းခြေ၌ လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိ

ချောင်းသာ    ဧပြီ   ၁၁

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေတွင် နှစ်သစ်ကူးရုံး ပိတ်ရက် မဟာသင်္ကြန်ကာလတွင် အပန်းဖြေလာရောက်သူများဖြင့်  ဧပြီ ၁၁ ရက် နံနက်ပိုင်းမှ စတင်ပြီး ပိုမိုစည်ကားလျက်ရှိကြောင်း သိရသည်။

 

“အရင်နေ့တေွက ငှားတာတော့ ငှားရပါတယ်၊ ပုံမှန်တော့ မဟုတ်ဘူး၊ ခရီးသည်ကျတဲ့နေ့ဆို နည်းနည်းပိုငှားရတယ်ဗျ၊ ဒီမနက်ပိုင်းကတော့ ရေကူးသူ ရေကစားသူတွေ များလာတော့ ဘောကွင်းတေွ လက်မလည်အောင်ငှားရပါတယ်၊ သင်္ကြန်အလုပ်ပိတ်ရက်၊ ရုံးပိတ်ရက်ဆိုတော့ နယ်စုံကလာကြတာထင်တယ်၊ တစ်နေ့တစ်နေ့ ပိုပိုပြီး လူစည်ကားလာတာကို တွေ့ရကြောင်း” ကမ်းခြေ၌ ရေကူးဘောကွင်း အငှားဝန်ဆောင်မှု လုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။

 

ကမ်းခြေသို့ လာရောက်သူများ အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေရန်နှင့် ကမ်းခြေသာယာလှပ စေရန်အတွက် မြို့အုပ်ချုပ်ရေးမှူးရုံးနှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မြို့စည်ပင်သာယာ ရေးအဖွဲ့၊ ပြန်/ဆက်၊ နယ်မြေခံတပ်/ရဲများ၊ မီးသတ်ဝန်ထမ်းများပါဝင်သည့် ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ကမ်းခြေတွင် စျေးရောင်းချနေကြသော စျေးသည်များအား သတ်မှတ်နေရာများ တွင် စနစ်တကျ ခင်းကျင်းရောင်းချရန်၊  စွန့်ပစ်သည့် အမှိုက်များအား စနစ်တကျ စွန့်ပစ်ကြရန်နှင့် ကမ်းခြေသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ နားနေအပန်းဖြေနိုင်ရန်အတွက် ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ကျော်ကျော် (ပြန်/ဆက်)