နှစ်ဦးနှစ်ဖက်

(၁) အဆက်မပြတ်ရွာနေသော မိုးကိုမသိချင်ယောင်ဆောင်ပြီး မီးပွိုင့်မိနေသော ကားများ ကြားထဲသို့ ဝင်လိုက်သည်။

“ကွမ်းယာရမယ်၊ ဆေးလိပ်ရမယ်၊ ရေသန့်ရမယ်”

“ဟေ့ ညီလေး ခဏလာဦး”

လိုင်းကားတစ်စီးပေါ်မှ ခရီးသွားတစ်ဦးက လှမ်းခေါ်သောကြောင့် သူအမြန်သွားလိုက် သည်။ အမြန်မသွားလို့လည်းမဖြစ်။ သူ့လို ဈေးသည်တွေက အများအပြား။ နည်းနည်းလေး နောက်ကျပြီဆိုတာနဲ့ နေရာဝင်လုမယ့်သူတွေက အဆင်သင့်။

“အစ်ကို ဘာယူမလဲဗျ”

“ဗမာဆေးနဲ့ နှစ်ရာဖိုးပေး”

“ဟုတ်ကဲ့”

အသင့်ထုပ်ထားသော ကွမ်းထုပ်ကို ပေးလိုက်သည်။ ကားပေါ်မှပေးသော နှစ်ရာတန်တစ်ရွက်ကို လှမ်းယူလိုက်ပြီး လွယ်အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ကားကြိုကားကြားထဲသို့ဝင်ပြီး ဈေးဆက်ရောင်း လိုက်တော့သည်။ မိုးကတော့ ရွာကောင်းနေဆဲပင်ဖြစ်သည်။

(၂) မိုးမိထားတဲ့အရှိန်ကြောင့် အိမ်သို့မပြန်ခင် အချမ်းပြေ လေးပက်ပြားလောက် မှီဝဲလိုက် သေးသည်။ မိန်းမက သောက်တာကို မကြိုက်မှန်းတော့သိသည်။ သူကိုယ်တိုင်ကလည်း အတတ်နိုင်ဆုံးရှောင်ခဲ့သည်။ ဒါပေမယ့် အရမ်းပင်ပန်းသောနေ့မျိုးတွင်တော့ တစ်ခါတလေ သူသောက်ဖြစ်သည်။

ဒီလိုနှင့် အိမ်သို့ရောက်ရှိခဲ့သည်။ အိမ်ပေါ်သို့ တက်စဉ်မှာပင် မိန်းမဖြစ်သူ၏ ဒေါသထုံးမွှမ်းထားသောစကားသံက သူ့ကို ခရီးဦးကြို ပြုလိုက်သည်။

“ရှင် အရက်တွေသောက်လာပြန်ပြီလားကိုအောင်ဇော်”

“နည်းနည်းပါ အေးရီရာ အခုက တစ်နေကုန် မိုးမိလာလို့ပါ နင်လည်း ကိုယ့်ယောက်ျားကိုကျ စိတ်မပူဘူးနော်”

“အမလေး ဘာစိတ်ပူစရာလိုလို့လဲ ဒီလောက်လေးနဲ့ ကဲ..ကဲ ရေအမြန်ချိုး ပြီးရင် ထမင်းစားမယ်”

မိန်းမဖြစ်သူစကားကို နားထောင်ပြီး ရေချိုးလိုက်သည်။ နားမထောင်လို့လည်းမဖြစ်။ အေးရီက စိတ်ကြီးသည်။ ပညာတတ်ဖြစ်သည် နှင့်အညီ စကားပြောအရာတွင် လိမ္မာကျွမ်းကျင် လှသည်။ ထို့ကြောင့် အိမ်ပွဲစားအလုပ်လုပ်ပြီး တစ်ဖက်တစ်လမ်းမှရသောငွေဖြင့် အိမ်ကို ပြန်၍ထောက်ပံ့ခဲ့သည်။ သူကသာ ပညာမတတ် ကြုံရာကျပန်းလုပ်ရင်း စီးပွားရှာခဲ့သည်။ ဒါပေမယ့် သူ့ကိုရွေးချယ်ခဲ့သည့်အတွက် အေးရီမိဘတွေ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသည်။ ဒါ့ကြောင့်လည်း အေးရီ စိတ်ချမ်းသာဖို့ တစ်ခုတည်းကိုသာ ဦးစားပေးခဲ့သည်။ အေးရီကတော့ သူယခုလိုဈေးရောင်းနေရတာကို မကြိုက်ပေ။ သူကလည်း သူနိုင်သလောက်ဝန်ကို ထမ်းချင်သောကြောင့် ပင်ပန်းမှုကို ဂရုမစိုက်ဘဲ ကြိုးစားခဲ့သည်။ အေးရီ၏ အိမ်ပွဲစားအလုပ်က ပုံမှန်တော့ရှိလှသည်မဟုတ်။ ရှိရင်လည်း အချီကြီး ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် လက်ရှိ ဘဝလေးကို သူကျေနပ်နေနိုင်ခဲ့သည်။

ရေချိုးပြီးသည်နှင့် အေးရီပြင်ပေးသော ထမင်းဝိုင်းတွင်နေရာယူလိုက်သည်။

“အေးရီ..ရော့ ဒီနေ့ပိုက်ဆံ ၇၀၀၀ မြတ်တယ်”

“ကိုအောင်ဇော်ရယ် တခြားအလုပ်လေး ပြောင်းလုပ်ပါလား၊ အခုတော့ နေပူမိုးရွာထဲ ပင်ပင်ပန်းပန်းလုပ်ရတာ ကျွန်မတော့ မလုပ်စေချင်ပါဘူး”

“အေးရီရယ် ငါက ပညာမှမတတ်တာ၊ သူများအလုပ်လုပ်ရင် ပိုပြီးအပြောခံရမှာပေါ့ အခုက ဘယ်သူ့မျက်နှာမှ မကြည့်ရဘူးလေ၊ နောက်ပြီး မပင်ပန်းပါဘူးဟ”

“ဟုတ်ပါပြီ အခုတလော အိမ်ကိစ္စတွေကလည်းငြိမ်နေလို့ မတားရက်တာပါ၊ ဒီတစ်ခေါက် မိလို့ကတော့ ရှင့်ကို တခြားအလုပ်တစ်ခုခု လုပ်ဖို့ အရင်းအနှီးထုတ်ပေးမယ်”

အေးရီဆီက ဒီလိုမျိုးစကားကြားရတော့ ဝမ်းနည်းဝမ်းသာဖြစ်မိသည်။ သူ့အတွက် ရှေ့ဆက်ကြိုးစားဖို့ ခွန်အားတွေလည်း ရရှိစေခဲ့သည်။

(၃) “အောင်ဇော်ရေ..ဒီနေ့နေ့လယ် ဖိုးထူးတို့ဘက် ကြက်ဝိုင်းရှိတယ်တဲ့”

“မလိုက်တော့ပါဘူးသိန်းဦးရာ ငါလည်း မိန်းမရနေပြီဆိုတော့ အရင်လိုမမိုက်ချင်တော့ဘူး”

လွန်ခဲ့တဲ့နှစ်နှစ်လောက်ကထိ ကြက်ဝိုင်းရှိပြီဆိုတာနဲ့ နယ်မရှောင်ခဲ့တဲ့ အောင်ဇော်။ မိန်းမရပြီးကတည်းက သူစွန့်လွှတ်နိုင်ခဲ့သည်။ အမှန်ပြောရရင် ကြက်ဝိုင်းဆိုတာနဲ့ သွေးက ကြွနေခဲ့ပေမယ့် အသိကို သတိနှင့် အနိုင်ယူ လိုက်သည်။

“အေးပါကွာ၊ အခုဝိုင်းမှာက စိုးနိုင်တို့ လည်းပါတယ်..အဲဒါကြောင့်ပြောတာပါ”

စိုးနိုင်ဆိုသောအသံကြောင့် သူစိတ်ဝင်စား သွားသည်။ သူ့ကို ဘဝတစ်ခုရှုံးနိမ့်ခြင်းနဲ့ ပြောင်းလဲသွားအောင် အနိုင်ယူခဲ့သောသူဖြစ် သည်။ သူတို့ကြက်ဝိုင်းလောကမှာတော့ စိုးနိုင်ကို မသိသူမရှိသလို သူကလည်း အရင် တစ်ချိန်က နာမည်ကြီးဆရာတစ်ဆူ ဖြစ်ခဲ့ဖူးသည်။ မည်သို့ပင်ဆိုစေ သူ့ကိုအနိုင်ယူသွားသော စိုးနိုင်ကိုတော့ သူပြန်ပြီး အနိုင်ရချင်မိသည်။ လက်ထဲမှာလည်းပိုက်ဆံမရှိ။ ဈေးကလည်း အရောင်းပါးတော့ သိပ်အဆင်မပြေ။ တစ်မနက်ခင်းလုံးရောင်းရငွေ ၂၀၀၀ ကျော်ခန့် သာ ရှိသေးသည်။

“သိန်းဦး ငါလိုက်ချင်တယ်ကွာ၊ ဒါပေမယ့် ပိုက်ဆံမရှိဘူးဖြစ်နေတယ်၊ မင်းမှာ ဘယ်လောက်ပါလဲ”

“ဟာ မနောက်ပါနဲ့၊ အောင်ဇော်ရာ ငါ့အကြောင်းလည်းသိရက်နဲ့ ဒါပေမယ့် တစ်ခုတော့ရှိတယ်၊ မင်းလက်စွပ်လေး ခဏ သွားပေါင်လိုက်ပါလား”

“မလုပ်ပါနဲ့ကွာ ဒါက ငါ့ရဲ့မင်္ဂလာဦး လက်စွပ်လေး”

“မင်းကလည်းကွာ ငါကအကြံပေးတာပါ၊ မင်းနိုင်ရင် ဒီထက်မကရမှာပဲ”

သိန်းဦးစကားကြောင့် သူ စဉ်းစားမှုပင် မပြုတော့ဘဲ ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တော့သည်။

(၄) ပေါင်သာပေါင်ခဲ့ရသည်။ အေးရီစိတ်တွေကမကောင်း။ ပြဿနာကြုံနေရ၍သာ အလွယ် တကူဖြေရှင်းလိုက်ရသည်။ မင်္ဂလာဦးလက်စွပ် လေးအခုလိုလုပ်ခဲ့သည်ကို ယောက်ျားဖြစ်သူသာသိရင် သူကိုစိတ်ဆိုးမှာ အသေအချာပင်။ အိမ်တစ်လုံးကို အဆင်မပြေသေးဘဲ ပွဲစားခ ကြိုယူထားမိခဲ့တော့ ယခုပွဲပျက်သည့်အခါ ကြိုယူထားသောပွဲစားခကို ပြန်ပေးရမည်ဖြစ် သည်။ ဒါကြောင့် အလွယ်တကူရှိတာလေး ပေါင်၍သာ ပြေလည်စေရန်ဖြေရှင်းပေးခဲ့ ရသည်။ နောင်အခါဆိုရင် ပွဲမဖြစ်သေးဘဲ ဘယ်ပွဲစားခမှ ကြိုမယူထားတော့ဘူးဟု သူဆုံးဖြတ်လိုက်တော့သည်။ ယောက်ျား ဖြစ်သူမသိဖို့အတွက် ဈေးထဲတွင် ပုံစံတူအတု တစ်ကွင်းလုပ်ပြီး ဝတ်ထားလိုက်မည်ဟု ဆုံးဖြတ်လိုက်တော့သည်။ ယောက်ျားဖြစ်သူကို အသိပေးလျှင်လည်း သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာမလိုလားပေ။ ကိုယ့်ဘာကိုယ်သာ အတုလေးဝတ်ထားရင်း နည်းနည်းချင်းစုကာ ပြန်ရွေးလိုက်မည်ဟု တွေးလိုက်တော့သည်။

(၅) အိမ်ကိုပြန်လာပေမယ့် အောင်ဇော် စိုးရိမ်နေမိသည်။ သူ့ရဲ့မိုက်ရူးရဲဆန်မှုကြောင့် လက်စွပ်လေး ပေါင်ခဲ့ရသည်။ ကြက်ဝိုင်းတွင် မျှော်လင့်ချက်ထားခဲ့ပေမယ့် သူအရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရသည်။ မကောင်းမှုနှင့် အကျိုး မပေးမှန်း သူ့ကိုယ်သူနားလည်ရတော့မည်။ ဒါကြောင့် သူပြုပြင်ရတော့မည်။

အိမ်ပေါ်သို့ တက်လိုက်သောအခါ အိမ်ရှေ့ခန်းထောင့်တွင် စိတ်ပျက်လက်ပျက် ထိုက်နေသော မိန်းမဖြစ်သူ အေးရီကို တွေ့လိုက်ရသည်။ သူကိုယ်တိုင်လည်း အပြစ် လုပ်ထားသည်မို့ မျက်နှာချိုသွေးရန် အေးရီ အနားသို့ထိုင်လိုက်သည်။

“အေးရီ.. ဘာဖြစ်လဲ နေမကောင်းဘူးလား”

အေးရီက ခေါင်းခါပြလိုက်သည်။ အေးရီ တစ်ခုခုဖြစ်နေမှန်း သူသိနေသည်။ သူ့မှာ အပြစ်ရှိသည်မို့ အေးရီကို ဝန်ခံဖို့စဉ်းစားထားသော်လည်း သူ၏ မျက်နှာရိပ်မျက်နှာကဲ ကြည့်ရတာ အဆင်မပြေသည်မို့ မျိုသိပ်ထား လိုက်တော့သည်။ လက်တွင် သိန်းဦး လုပ်ပေး လိုက်သော ပုံစံတူလက်စွပ်အတုလေးကို ဝတ်မြဲဝတ်ထားရင်း ပြန်လည်ရွေးနိုင်ဖို့ ကြိုးစားရတော့မည်။ အေးရီကိုလည်း စိတ်သောကတွေ မပေးချင်တော့။ အေးရီ မျက်နှာကိုကြည့်ပြီးမေးချင်ပေမယ့် သူသိမ်း ဆည်းလိုက်သည်။ သူရဲ့မိဘတွေကို သတိရတိုင်း အခုလိုဖြစ်နေကျဆိုတော့ သိပ်တော့ မထူးဆန်းတော့ပေ။

“အေးရီ”

အေးရီက ဘာမှပြန်မဖြေဘဲ မျက်နှာ အဝိုင်းသားလေးဖြင့်ကြည့်ရှာသည်။ သူလည်း ဘာမှမပြောနိုင်တော့ဘဲ အေးရီရဲ့လက်ကလေးကို အသာအယာ ဆုပ်ကိုင်လိုက်တော့သည်။ အေးရီရဲ့လက်မှလက်စွပ်နှင့် ယခု သူ၏ လက်မှလက်စွပ်နှစ်ခုရဲ့ထိတွေ့မှုက ဒီနေ့မှပို၍ အသက်ဝင်နေသလို ခံစားလိုက်ရပါသည်။ ဘာရယ်ကြောင့်မှန်းတော့မသိ။ ဒီနေ့ နှစ်ဦး နှစ်ဖက်လုံးအတွက် တိတ်ဆိတ်ခြင်းတွေနဲ့ ငြိမ်သက်နေပေမယ့် နှစ်ဦးနှစ်ဖက်လုံးရဲ့ နှလုံးသားထဲက ချစ်ခြင်းမေတ္တာတွေက အချိုးကျထပ်တူဖြစ်နေမယ်ဆိုတာ သူ့စိတ်ထဲမှာ အလိုလိုယုံကြည်နေမိပါတော့သည်။

အောင်ကျော်မြင့်