နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

၁၁  ဒီဇင်ဘာ

 

ရမ်ဆေးကို ရောင်းချဖို့ ဂျူဗင်တပ် စဉ်းစား

 

ကွင်းလယ်လူ ရမ်ဆေးကို လာမယ့်ဇန်နဝါရီ ဈေးကွက်အတွင်းမှာပဲ ရောင်းချဖို့ ဂျူဗင်တပ်အသင်းက ပြင်ဆင်နေပြီဖြစ်ပါတယ်။  ရမ်ဆေးဟာ အာဆင်နယ်အသင်းမှာ တောက်ပခဲ့တာကြောင့် သူ့ကို အင်္ဂလန်ကလပ်အသင်းတွေက ခေါ်ယူဖို့ ကြိုးစားနေတာကြောင့်  ၂၀၂၁ ခုနှစ်မှာပဲ ရမ်ဆေးရဲ့ ပရီမီယာလိဂ် တစ်ကျော့ပြန် ခရီးကို မြင်တွေ့ရဖို့ရှိနေတယ်လို့   ဒေးလီးမေးလ် သတင်းဌာနက ဖော်ပြပါတယ်။

 

ဒီစီယူနိုက်တက်က အိုဇေးခေါ်ယူရေး ကြိုးပမ်းလာ

 

အမေရိကန်မေဂျာလိဂ်ကလပ်ဖြစ်တဲ့ ဒီစီယူနိုက်တက်က အာဆင်နယ်မှာ နေရာပျောက်ဆုံးနေတဲ့ ကွင်းလယ်ကစားသမား မီဆွပ်အိုဇေးလ်ကို ခေါ်ယူဖို့ ကြိုးပမ်းလာပြီဖြစ်ပါတယ်။   အာတီတာ ရှိနေသမျှ အသင်းရဲ့ အပယ်ခံဖြစ်နေမယ့် အိုဇေးလ်ကတော့ ဇန်နဝါရီဈေးကွက်မှာပဲ အာဆင်နယ်ကနေ  ထွက်ခွာဖို့ သေချာနေပြီး သူ့ကို တူရကီကလပ် ဖီနာဘာချီကလည်း ခေါ်ယူဖို့ ကမ်းလှမ်းထားကာ အိုဇေးလ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တောင် ရရှိပြီး ဖြစ်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အသက် ( ၃၂)နှစ်သာ ရှိသေးတဲ့ အိုဇေးလ်အတွက်တော့  ဒီစီယူနိုက်တက်ထက်ဆို ဖီနာဘာချီလို ဥရောပအဆင့်ရှိ အသင်းတစ်သင်းကိုသာ ရွေးချယ်ဖို့ရှိနေပါတယ်။

 

မန်ယူနဲ့ မန်စီးတီးတို့ ဂျက်ခ် ဂရီးလစ်ရှ် အတွက်သာ ပေါင်သန်း ၁၀ဝသုံးသင့်

 

မန်ယူနဲ့ မန်စီးတီးတို့လို ကမ္ဘာ့အကြွယ်ဝဆုံး ကလပ်အသင်းများအနေနဲ့ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုအတွက် ပေါင်သန်း ၁၀ဝသုံးမယ့်အစား  ဗီလာအသင်းကွင်းလယ်ဖန်တီးရှင်  ဂျက်ခ် ဂရီးလစ်ရှ်အတွက် သာ ထိုငွေပမာဏကို သုံးစွဲသင့်ကြောင်း ကီဗင်ဖိလစ်က အကြံပြုလိုက်ပါတယ်။  မန်ယူအသင်းမှာ နွေဈေးကွက်တောက်လျောက်တွင်  ဆန်ချိုကို ရရှိရန် ကြိုးပမ်းခဲ့ပြီး  ဒေါ့မွန်အသင်းက တောင်းဆိုတဲ့ ပေါင် ၁၀၈သန်းကို မပေးချေနိုင်ခဲ့လို့သာ မခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ မန်ယူအသင်း နည်းစနစ်ပိုင်းကို ဝေဖန်သူအများအပြားကတော့ မန်ယူအသင်းမှာ တောင်ပံကစားသမားကောင်းတွေ ရှိနှင့်နေပြီးဖြစ်လို့  တောင်ပံတိုက်စစ်ကစားသမားထက်ဆို ကစားကွက်ပုံဖော်ပေးနိုင်မယ့်  ကွင်းလယ် ဖန်တီးရှင် တစ်ဦးကို ခေါ်ယူသင့်ကြောင်း အကြံပြုမှုတွေ ရှိနေပါတယ်။

 

မေလဲ့သင်း