နောက်ကျဂိုးဖြင့် မြန်မာအသင်း အဖွင့်ပွဲတွင် အနိုင်ရ

ရန်ကုန် မေ ၉

 

(၃၁) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က) ပထမနေ့ကို မေ ၈ ရက်က ဗီယက်နမ်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း နောက်ကျဂိုးဖြင့် အမှတ်ပြည့်ရယူနိုင်ခဲ့သည်။

 

ပိုမိုကြိုးစားရဖွယ်ရှိ

 

ဒုတိယနေ့တွင် မြန်မာအသင်းက တီမောအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရပြီး ဗီယက်နမ်အသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။ မြန်မာအသင်းသည် အဖွင့်ပွဲတွင် အနိုင်ရခဲ့သော်လည်း ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ပွဲပြီးခါနီး နာကျင်အချိန်ပိုသွင်းဂိုးကြောင့်သာ အမတ်ပြည့်ရခဲ့ ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပွဲဦးထွက် အမှတ်ပြည့်ရခဲ့သော်လည်း ခြေစွမ်းပိုင်းအရ လိုအပ်ချက်များရှိနေသဖြင့် လာမည့်ပွဲများတွင် ပိုမိုကြိုးစားရ ဖွယ်ရှိနေသည်။

 

မြန်မာအသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ပထမပိုင်းတွင် အသက်ကျော် ကစားသမားများနှင့် ပြည်ပကလပ်များတွင် ကစားနေသူများကို အသုံးမပြုဘဲ ပြည့်ဖြိုးသူ(ဂိုး)၊ ဟိန်းဇေယျာလင်း၊ စိုးမိုးကျော်၊ သက်ဟိန်းစိုး၊ ရန်ကျော်စိုး၊ မြတ်ကောင်းခန့်၊ အောင်ဝဏ္ဏစိုး၊ ဇော်ဝင်းသိန်း၊ ထက်ဖြိုးဝေ၊ ဝင်းနိုင်ထွန်းတို့ဖြင့် ပွဲထွက်ခဲ့သည်။

 

ပထမပိုင်းတွင်ပွဲမှာ အပြန်အလှန်ရှိသော်လည်း မြန်မာအသင်းက အခွင့်အရေးများ အသုံးချနိုင်ခဲ့သဖြင့် နှစ်ဂိုးပြတ် ဦးဆောင်နိုင်ခဲ့သည်။ မြန်မာအသင်းအတွက် ဂိုးများကို ၃၇ မိနစ်တွင် ဝင်းနိုင်ထွန်း နှင့် ၄၁ မိနစ်တွင် ထက်ဖြိုးဝေတို့က သွင်းယူခဲ့သည်။ ဒုတိယပိုင်းအစတွင် မြန်မာအသင်းနည်းပြချုပ်ပိုပေါ့ဗ်သည် ကစားသမားများ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး အသက်ကျော် ကစားသမားများဖြစ်သည့် မောင်မောင်လွင်၊ ဝင်းမိုးကျော်၊ အောင်ကောင်းမာန်အပါအဝင် ဟိန်းထက်အောင်တို့ကို လူစားလဲအသုံးပြုခဲ့သည်။

 

ချေပဂိုးများပြန်သွင်း

သို့သော် ဒုတိယပိုင်းတွင် မြန်မာအသင်းသည် တီမောအသင်း၏ ဖိအားပေးခြင်းကိုခံခဲ့ရပြီး ၅၂ မိနစ် တွင် မိုဇီနို၊ ၆၄ မိနစ်တွင် ဆိုရာရတ်စ်တို့က ချေပဂိုးများ ပြန်သွင်းခဲ့သည်။ ယင်းနောက်ပိုင်းတွင်ပွဲမှာ အပြန်အလှန်ရှိခဲ့ပြီး တီမောအသင်းမှာ ဂိုးထပ်ရနိုင်သည့် အခွင့်အရေးများ အသုံးမချနိုင်ခဲ့သဖြင့် နစ်နာခဲ့ရသည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးကို ၉၀+၅ မိနစ်တွင် အောင်ဝဏ္ဏစိုးက သွင်းယူခဲ့သည်။

 

ယနေ့ပွဲအပြီးတွင် အုပ်စု(က)၌ ဗီယက်နမ်နှင့် ဖိလစ်ပိုင်အသင်းက နှစ်ပွဲ ကစားလေးမှတ်စီ၊ မြန်မာ အသင်းက တစ်ပွဲကစား သုံးမှတ်ရထားပြီး တစ်ပွဲ ကစားထားသည့် အင်ဒိုနီးရှား၊ နှစ်ပွဲကစားထားသည့် တီမောအသင်းတို့မှာ အမှတ်မရသေးပေ။

 

သတင်း - ကိုညီလေး

 ဓာတ်ပုံ - MFF