နောင်အစဉ်မပြတ် စေတနာ့ဝန်ထမ်းကြိုးပမ်း

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် နိုင်ငံတော်အစိုးရက အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်း၍ ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေးကိုစာရင်းပေးထားသည့်နိုင်ငံတစ်ဝန်းမှစေတနာ့ဝန်ထမ်းပြည်သူများဖြင့် ကြိုးပမ်းဆောင် ရွက်နေသည်။ အခကြေးငွေတစ်စုံတစ်ရာမယူဘဲ မိမိတို့၏ ကိုယ်ရေးကိုယ်တာကိစ္စများကိုစွန့်လွှတ်ကာ အများအကျိုးအတွက် အနစ်နာခံဆောင် ရွက်ကြသည့် စေတနာ့ဝန်ထမ်းများအား ဝမ်းမြောက် ဝမ်းသာကြိုဆိုပါသည်။ ။

ယခုအခါ ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုထိန်းချုပ်ရာတွင် အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်သော ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီ စောင့်ရှောက် ပေးမှုဖြင့် သတ်မှတ်နေရာအဆောက်အအုံများတွင် အသွားအလာကန့်သတ် ခြင်းအစီအစဉ်နှင့်ပတ်သက်၍ စေတနာ့ ဝန်ထမ်းများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှု လိုအပ်နေပါသည်။ အများပြည်သူ ရောဂါမကူးစက်ရေး၊ ရောဂါစောင့်ကြည့်ရမည့် လူများအရေး၊ သံသယလူနာများ အရေးတွင် စေတနာ့ဝန်ထမ်းများ၏အခန်းကဏ္ဍကို မြှင့်တင်ပေးရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စေတနာ့ ဝန်ထမ်း (Volunteer) အဖြစ် မိမိတို့၏ အချိန်၊ လုပ်အား၊ ကျွမ်းကျင်မှု၊ အကြံဉာဏ်များကို အခကြေးငွေမယူဘဲ သတ်မှတ်အချိန်ကာလအပြည့် ဖြူစင်သောဆန္ဒဖြင့် ပါဝင်လုပ်အားပေး နေကြပြီဖြစ်သည်။ စေတနာ့ဝန်ထမ်း (Volunteer) ကို သက်ဆိုင်ရာဌာနများက သင်တန်းများပေးခြင်း၊ လိုအပ် သည်များကို ထောက်ပံ့ပေးခြင်းဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက် နေကြပြီဖြစ်သည်။ မြန်မာနိုင်ငံဆရာဝန်အသင်းမှ တစ်နိုင်ငံလုံးရှိ စေတနာ့ ဝန်ထမ်းလုပ်အားပေးဆရာဝန်များ၏အကူအညီဖြင့် သင်တန်းများပို့ချပေးပြီး လူမှုဝန်ထမ်းဌာနက ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်။ ထိန်းချုပ်ရေးလုပ်ငန်းများ၌ လုပ်အားပေးရန်စာရင်းပေး ထားသည့် စေတနာ့ ဝန်ထမ်း (Volunteer) ဦးရေ ၅၀၀၀ ကျော်ရှိသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း မိမိတို့၏ ဆန္ဒအလျောက် ပါဝင်လုပ်အားပေးမည့် စေတနာ့ဝန်ထမ်းများလည်း အသင့်ဖြစ်နေပြီ။ မြန်မာနိုင်ငံ၏အရေး၊ ပြည်သူ ပြည်သားများ ၏ အရေးအတွက်ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုသည် အားရဖွယ်ဖြစ်သည်။ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကို ကျော်လွှားသွားနိုင်မည်ဟု ယုံကြည်ပါသည်။

ကိုဗစ်-၁၉ ရောဂါကို တစ်ကမ္ဘာလုံး ရင်ဆိုင်အန်တုကျော်လွှားနေကြ သည်မှာ အချိန်ကာလအားဖြင့် ငါးလနီးပါးကာလသို့ ရောက်ရှိလာပြီ ဖြစ်သည်။ စိတ်မပျက်အားမလျှော့ဘဲ နိုင်ငံအလိုက် တက်ညီလက်ညီ ကြိုးပမ်းကာကွယ်တိုက်ဖျက်နေကြသည်။ ရောဂါကူးစက်မှုလျော့နည်းအောင် ဆောင်ရွက်နိုင်ကြသည့်နိုင်ငံများရှိသလို ရောဂါကိုလတ်တလောတွင် ထိန်းချုပ်ထားနိုင်သည့် နိုင်ငံများလည်းရှိသည်။ ကိုဗစ်-၁၉ ရောဂါသည် ယခင်ကဖြစ်ပွားခဲ့သော ကူးစက်ရောဂါနှင့်မတူညီသည့် ထူးခြားချက်များ ရှိနေသည်။ ကမ္ဘာပေါ်ရှိ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ပျောက်ကွယ်သွားမည့် အချိန်ကို ခန့်မှန်းရ ခက်နေ သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကိုရိုနာဗိုင်းရပ်စ်ပိုးသည် အချိန်ကြာမြင့်စွာဆက် ရှိနေဦးမည်ဖြစ် ကြောင်း မေလ ၁၃ ရက်နေ့က သတိပေး ပြောကြားထားသည်။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအနေဖြင့် လက်ရှိအနေအထားကို ထိန်းချုပ်ထားပြီး ရောဂါကူးစက်ပြန့်ပွားမှုမတိုးအောင် ဆက်လက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်သည်။ ယခုအခါ ရောဂါကူးစက်ခံရသူများအနက် တစ်ဝက်ကျော် သက်သာ ပျောက်ကင်းသွားပြီး သေဆုံးသူ ထပ်မတိုးဘဲ ရောဂါကူးစက်သူအသစ် ကြိုးကြားကြိုးကြား အနည်းအပါး ဖြစ်နေ သည်ကို ဆက်လက်ထိန်းချုပ်ထားရမည် ဖြစ်သည်။ ရောဂါကူးစက် ခြင်းထပ်မဖြစ်အောင် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့် ပြည်သူလူထုပူးပေါင်းပါဝင်မှုအင်အားများဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။ ။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကို ကြောက်စရာဘေးရောဂါအဖြစ် မရှုမြင်ဘဲ ထိုရောဂါကိုအကြောင်းပြု၍ နောင်ဆက်လက် ကြုံတွေ့ နေရမည့် ရောဂါဘေးအမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုးတို့ကို ပြည်သူသည်သာ အဓိကဟု ခံယူထားသည့်အတိုင်း ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် နောင်အစဉ်မပြတ် စေတနာ့ဝန်ထမ်း တက်ညီလက်ညီဆက်လက်ကြိုးပမ်း ထမ်းဆောင်နေကြ ရမည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ