နေပြည်တော်၊ ဇွန် ၂၄
နောင်ချို နှင့်လွိုင်လင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၁ ရက် မွန်းလွဲ ၃ နာရီတွင် နောင်ချိုမြို့ ပါဟတ်ရပ်ကွက် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် စိုင်းထွန်းလှ (ခ) ထွန်းလှ မောင်းနှင်ပြီး စောမိုးကျော်သူ လိုက်ပါလာသည့် SOUEAST အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀,၀၀၀ ကိုလည်းကောင်း၊ ကွင်းဆက်အရ ဇွန် ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ စိုင်းမိုးမြင့်သူအား ကျိုက်မရောမြို့နယ် ခရုံကျေးရွာအုပ်စု ခရုံကျေးရွာအနီးတွင် SOUEAST မော်တော်ယာဉ် တစ်စီး၊ မြန်မာ ငွေကျပ် ၅ ဒသမ ၄ သိန်း နှင့်အတူဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဇွန် ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် လွိုင်လင်မြို့နယ် ပင်လုံမြို့ ပန်မုန့်ကျေးရွာအုပ်စု ဝမ်မိုင်ကျေးရွာနေ စိုင်းမြ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၀၀၀ ပြားနှင့် ဘိန်းစိမ်း ၃ ကီလို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်