နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၃၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၁ ဒသမ ၆ ကီလို ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၇

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၃၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၁ ဒသမ ၆ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၃ ရက် မွန်းလွဲ ၂ နာရီတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ မန္တလေး-လားရှိုးသွား ကားလမ်း၊ နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် သီပေါမှ မန္တလေးဘက်သို့ ရဲကျော်သူရ မောင်းနှင်လာသည့် FUSO ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၃၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၁ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ 

 

သတင်းစဉ်