နောင်ချိုနှင့် ပင်လုံမြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

နေပြည်တော်  ၂၈  မတ်
 

မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၇ ရက် မွန်းလွဲ ၃ နာရီတွင် နောင်ချို မြို့အဝင်၊ မူဆယ်-မန္တလေး ပြည်ထောင်စုကားလမ်း၊ မိုင်တိုင်အမှတ်(၈၀/၄)တွင် ဖိုးလပြည့်မောင်းနှင်ပြီး ရှိုင်းဇော်ထက် (ခ)ကိုရှိုင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၄၀ဝ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ 


အလားတူ ယင်းနေ့နံနက် ၉ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၇) လွိုင်လင်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လုံမြို့၊ ရပ်ကွက်(၂)ရပ်ကွက်၊ ပရဟိတလမ်းနေ ခွန်ကျော်မြင့်၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၉၀၊ ဘိန်းဖြူ ၁၁ ဂရမ်၊ ဘိန်းစိမ်း ၅၀ ဂရမ်နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။


MDN