နောင်မွန်းမြို့နယ်၌ ဒေသဝမ်းစာဖူလုံရေးအတွက် လယ်ယာသုံးစက်သုံးဆီများ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချ

 

နောင်မွန်း မေ ၂၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် “ပူတာအိုဒေသ ဝမ်းစာဖူလုံဖို့ ဒီ(၃)နှစ်မှာ ကြိုးစားစို့" ဆိုသည့်‌ ဆောင်ပုဒ်နှင့်အညီ ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် တောင်သူများ၏ လယ်ယာလုပ်ငန်း အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်စေရေးအတွက် စက်သုံးဆီ(ပရီမီယံဒီဇယ်)များ ဈေးနှုန်းချိုသာစွာဖြင့် မေ ၂၁ ရက် နံနက် ၁၀ နာရီမှစတင်ပြီး ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

နောင်မွန်းမြို့နယ်တွင် စိုက်ပျိုးတောင်သူများ၏ လယ်ဧကပေါင်း (၃၀၀၀)ဧကရှိရာ တစ်ဧကကို စက်သုံးဆီ ၂ ဒသမ ၇လီတာ (ဝ ဒသမ ၆ ဂါလန်)နှုန်း တစ်ဂါလန်ကို သယ်ယူစရိတ်အပါ ကျပ် ၁၆၀၀၀ နှုန်းဖြင့် စိုက်ပျိုးတောင်သူ အယောက်တိုင်းအား ထုတ်ပေးလျက်ရှိပြီး လက်ရှိ နောင်မွန်းမြို့နယ် ဒေသပေါက်ဈေး ဒီဇယ်တစ်ဂါလန်လျှင် ၈၀၀၀၀ ကျပ်ရှိကြောင်း သိရသည်။

အဆိုပါ စက်သုံး(ပရီမီယံဒီဇယ်)များကို မြို့နယ်စက်သုံးဆီဖြန့်ဖြူးရေး ကြီးကြပ်မှုကော်မတီ၏ အနီးကပ်ကြပ်မတ်မှုဖြင့် ရပ်ကွက်/ကျေးရွာ စက်သုံးဆီဖြန့်ဖြူးရေး ကြီးကြပ်မှုကော်မတီများမှတစ်ဆင့် တောင်သူများ၏ လက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်သည်။ နောင်မွန်းမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် စက်သုံးဆီဈေးနှုန်းများနှင့် ဆန်၊ ဆီ၊ ဆား စသည်ဖြင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)