နောင်တရားဒေသ ရေရှည်တည်တံ့သော အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းကျေးရွာများသို့ ပြောင်းခြွေစက်နှင့် လက်လှည့်ခြွေစက်ပေးအပ်

နောင်တရား ဒီဇင်ဘာ  ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ အတွင်းရှိ ရေရှည်တည်တံ့သော အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းကျေးရွာများသို့ မယ်ဖားလုံဖောင်ဒေးရှင်း နှင့် စီပီကုမ္ပဏီတို့မှ ထောက်ပံ့ပေးအပ်သည့် ပြောင်းခြွေစက်နှင့် လက်လှည့်ချွေစက်များကို ယနေ့ နံနက်ပိုင်းတွင် လွယ်မောကျေးရွာအုပ်စု၊ ကွန်ချဉ်ကျေးရွာ၌ ပေးအပ်သည်။

နောင်တရားဒေသ၏ ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေး စီမံကိန်း ဆောင်ရွက်နေသည့် ပေါ့အင်ကျေးရွာအုပ်စုနှင့် လွယ်မောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ရှစ်ရွာ အတွက် မယ်ဖားလုံဖောင်ဒေးရှင်းနှင့် စီပီကုမ္ပဏီတို့မှ ပြောင်းခြွေစက် လေးလုံးနှင့် အင်ဂျင်စက်လေးလုံး၊ လက်လှည့်ပြောင်းခြွေစက် ၅၉ ခုကို ပြောင်စိုက်ပျိုးတောင်သူများ အရည်အသွေးပြည့်ဝသည့် ပြောင်းဆန် ရရှိနိုင်ရေးအတွက် ရည်ရွယ်ထောက်ပံ့ပေးအပ်သည်။ 

အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်နေသည့် ပေါ့အင်ကျေးရွာအုပ်စု၊ မွေးပြင်ကျေးရွာ အုပ်စု၊ လွယ်မောကျေးရွာအုပ်စု၊ ပင်ခင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ အိမ်ထောင်စု တစ်စုတွင် တစ်နှစ် ပျမ်းမျှဝင်ငွေ ကျပ်သိန်း (၄၀) ရရှိရေး ရည်ရွယ်၍ အစားထိုးဖွံဖြိုးရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

အဆိုပါကျေးရွာလေးအုပ်စုအတွင်းတွင် စာသင်ကျောင်း၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ သောက်သုံးရေ၊ မွေးမြူရေးနှင့် စိုက်ပျိုးရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် ဒေသတွင်း တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် သင်တန်းများကိုလည်း ဖွင့်လှစ် သင်ကြားပေး လျက်ရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)