နော်ဝေနိုင်ငံမှာ ဗြိတိန်က ဗီဇပြောင်းဗိုင်းရပ်စ်ပိုး တွေ့ရှိပြီးနောက် အသွားအလာကန့်သတ်မှု ပြဋ္ဌာန်း

၂၄ ဇန်နဝါရီ

 

နော်ဝေနိုင်ငံ မြို့တော် အော်စလိုနဲ့ မြို့နယ် ၉ ခုအား ဗြိတိန်နိုင်ငံက ဗီဇပြောင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိပြီးနောက် တင်းကျပ်တဲ့ အသွားအလာကန့်သတ်မှုကို ပြဋ္ဌာန်းလိုက်ကြောင်း စနေနေ့က ကြေညာလိုက်ပါတယ်။

 

မြို့နယ် ၁၀ ခုအတွင်းမှာရှိတဲ့ အရေးကြီးတဲ့ပစ္စည်းအရောင်းဆိုင်၊ လောင်စာဆီဆိုင်နဲ့ ဆေးဆိုင်တွေသာ ဆက်လက်ဖွင့်ခွင့်ရှိပြီး၊ စားသောက်ဆိုင်တွေနဲ့ မူလတန်းကျောင်းတွေကို ပိတ်လိုက်ပြီး အထက်တန်းကျောင်းတွေအား အွန်လိုင်းကနေ သင်ကြားရန် ညွှန်ကြားလိုက်ပါတယ်။ ဒါ့အပြင် နေအိမ်တွေမှာ ဘယ်ဧည့်သည်မှ လက်မခံရန် အကြံပြုထားပြီး အားကစားပွဲတွေကိုလည်း ရပ်ဆိုင်ထားပါတယ်။

 

အော်စလိုမြို့ကနေ ၁၈ မိုင် (၃၀ ကီလိုမီတာ) အကွာမှာရှိတဲ့ ဘိုးဘွားရိပ်သာတစ်ခုမှ ဗြိတိန်နိုင်ငံမှာတွေ့ရှိတဲ့ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးကူးစက်ခံသူ တွေ့ရှိတဲ့အတွက် အခုလို တင်းကျင်းတဲ့ စည်းမျဉ်းတွေကို အနည်းဆုံး ဇန်နဝါရီ ၃၁ ရက်နေ့အထိ သတ်မှတ်သွားမှာ ဖြစ်ပါတယ်။

 

ရိပ်သာနေ အသက် ၉၀ ကျော် နှစ်ဦးသေဆုံးရာ ဗြိတိန်ဗိုင်းရပ်စ်ပိုးအသစ် တွေ့ရှိကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က ကြေညာပါတယ်။ အဲဒီရိပ်သာနေ အဖိုးအဖွား ၁၂ ဦးနဲ့ လုပ်သား ၂၂ ဦးမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိပေမယ့် ဗြိတိန်ဗိုင်းရပ်စ်ပိုးသစ် ဟုတ်/မဟုတ်ကို စစ်ဆေးနေကြောင်း နော်ဝေပြည်သူ့ကျန်းမာရေးအဖွဲ့ (NIPH)  က ဆက်ပြောပါတယ်။

 

နော်ဝေနိုင်ငံမှာ ဗြိတိန်ဗိုင်းရပ်စ်ပိုးသစ် တွေ့ရှိသူ ၅၅ ဦး ရှိပြီဖြစ်ကြောင်း NIPH က စနေနေ့မှာ ထုတ်ပြန်ထားပါတယ်။

 

ဉရောပအတွင်း ခရီးသွားလာခွင့်ကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေတဲ့ နော်ဝေနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးစစ်ခြင်း စည်းမျဉ်းကို နိုင်ငံရဲ့ နယ်စပ်ဂိတ်တွေမှာ လတ်တလောမှ ပြဋ္ဌာန်းထားကြောင်း သိရပါတယ်။

 

နော်ဝေနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၆၀,၄၉၆ ဦးရှိပြီး သေဆုံးသူ ၅၄၄ ဦးရှိကြောင်း နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။

 

MDN

ကိုးကား - AFP

 

mdn