နေကြာဆီထွက်သီးနှံ စိုက်ပျိုးမှုများပြားလာ၍ ဈေးကောင်းရသဖြင့် တောင်သူများဝင်ငွေတိုး

ချောင်းဆုံ    ဖေဖော်ဝါရီ    ၂၂

 

နေကြာဆီဈေးကောင်းရသဖြင့် နေကြာဆီထွက်သီးနှံစိုက်ပျိုးမှုများလာသည့်အတွက် တောင်သူများ တွက်ခြေကိုက်၍  အပိုဝင်ငွေရရှိလာကြောင်း နှစ်စဉ်နှစ်တိုင်း ဒေသတွင်း နေကြာသီးနှံစိုက်ပျိုးသည့် တောင်သူ ဒေါ်နွယ်နီစိုးထံမှ သိရသည်။

 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကညှော်ကျေးရွာ၊ ဒေါင်းဥကျေးရွာ၊ ကုလားဘီကျေးရွာ၊ မုရစ်ကလေးကျေးရွာ စော်ကဲကျေးရွာ စသည့် ကျေးရွာများတွင် တစ်ဦးလျှင် စိုက်ဧက (၅)ဧကမှ (၁၀)ဧကအထိ အများဆုံး စိုက်ပျိုးလျက်ရှိပြီး ယခင်နှစ်ထက် နေကြာဆီဈေးမြင့် တက်နေမှုကြောင့် စိုက်ပျိုးသည့် တောင်သူများ များလာရခြင်းဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

 

“နေကြာဆီက စားသုံးသူအတွက် အဆင်ပြေတဲ့အပြင် ဈေးကောင်းလည်းရနေတော့ စိုက်ပျိုးတဲ့ သူ တွေများလာတာပါ။ မနှစ်ကဆိုရင် နေကြာ(၁၀)ပိဿာပုံး တစ်ပုံးကို ခန့်မှန်းကျပ် တစ်သိန်း ဝန်းကျင်ရှိတယ်။ ဒီနှစ်ကတော့ ကျပ်တစ်သိန်းနှစ်သောင်းဝန်းကျင် လောက်ရတယ်ဆိုတော့ လယ်ဧကရှိတဲ့ သူတွေ စိုက်ပျိုးသင့်ပါတယ်။ မနှစ်က (၅)ဧကစိုက်ပျိုးဖြစ်တယ်။ (၅)ဧကမှာ ဆီ(၁၀)ပုံး ထွက်တယ် ဆိုရင် အလုပ်သမား လုပ်အားခနုတ်ပြီး ကိုယ့်အတွက် (၃)ပုံ(၁)ပုံလောက်ကျန်ပါတယ်” ဟု ယခုလက်ရှိနေကြာ စိုက်ပျိုးနေသည့် တောင်သူ ဒေါ်မူယာလင်းက ပြောသည်။

 

နေကြာသီးနှံကို မိုးစပါးသိမ်းပြီးသည်နှင့် ထွန်ယက်စိုက်ပျိုးခြင်းဖြစ်ပြီး အခြားဆီထွက် သီးနှံများ ဖြစ်သည့် မြေပဲ၊ နှမ်းများထက် နေကြာကိုဦးစားပေးစိုက်ပျိုးလျက်ရှိသည်။ 

 

“စပါးစိုက်ပျိုးရိတ်သိမ်းပြီးတာနဲ့ တစ်နွေလုံး လယ်ကို ဟင်းလင်းထားထားမယ့်အတူ တစ်ခြား စိုက်ပျိုးလို့ရတဲ့ ပဲ၊ မြေပဲ၊ နှမ်း၊ နေကြာတွေ ပြန်ပြီး စိုက်ပျိုးရင်ပဲ စပါးအထွက်နည်းတဲ့သူတွေအနေနဲ့ စိုက်ပျိုးစရိတ်ကာမိတာလေးတွေရှိတာပေါ့။ စိုက်ပျိုးရာမှာလည်း နည်းစနစ်တကျစိုက်ပျိုးဖို့လည်း လိုတယ်။ မျိုးစေ့ကလည်းအရေးကြီးတယ်။ နောက်ပြီး ပိုးမွှားအန္တရာယ်ကလဲရှိသေးတယ်ဆိုတော့ စိုက်မယ်ဆိုရင် မေးမြန်းပြီးစိုက်ပျိုးသင့်တာပေါ့”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လွင်က ပြောသည်။

 

ချောင်းဆုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက်သီးနှံစိုက်ပျိုးထားရှိမှုမှာ မြေပဲ (၁၀၆)ဧက၊ နှမ်း(၆)ဧကနှင့် နေကြာ(၃၁၇၀)ဧကစိုက်ပျိုးလျက်ရှိပြီး ယခင်နှစ်က နေကြာစိုက်ပျိုးမှုမှာ စိုက်ဧက (၈၅၂)ဧက ရှိခဲ့ရာ ယခုနှစ်တွင် (၃၁၇၀)ဧကအထိ စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ချောင်းဆုံ(ပြန်/ဆက်)