နေကြာသီးနှံမျိုးစေ့ ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာ သင်တန်းသားများ  နေကြာသစ်(၆)မျိုး ယှဉ်ပြိုင်စမ်းသပ်စိုက်ကွင်းအား ပူးပေါင်းပါဝင်အကဲဖြတ် 

နေပြည်တော် ဧပြီ ၂၇
     
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ နွေရာသီတွင် ရေသွင်းစိုက်ပျိုးခြင်းဖြင့် စပ်မျိုးနေကြာသီးနှံမျိုးသစ် (၆)မျိုး၏ အပင်ဖြစ်ထွန်းမှုကို လေ့လာခြင်း သုတေသနစိုက်ကွင်းအား  နေကြာသီးနှံမျိုးစေ့ ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာ စာတွေ့လက်တွေ့သင်တန်း တက်ရောက်နေကြသော မျိုးသန့်ခြံတာဝန်ခံများ၊ ခြံဝန်ထမ်းသင်တန်းသားများနှင့်အတူ ပူးပေါင်းပါဝင်အကဲဖြတ် ကြည့်ရှုစစ်ဆေးကြသည်။

စစ်ဆေးစဉ် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က မိုးကြိုကာလတွင် နေကြာသီးနှံ ဖြစ်ထွန်းအောင်မြင်နိုင်မှုနှင့် မျိုးကွဲအလိုက်ထူးခြားသော လက္ခဏာများကို လေ့လာသုံးသပ်ရန် ဖြစ်ကြောင်း၊ အပင်စေ့ ကျင်းစေ့ပေါက်အောင် ရေခံစိုက်ပျိုးခြင်းနှင့် အစိုဓါတ်ဖမ်း စိုက်ခြင်းအပြင် အစိုဓါတ်မပါသော အခြောက်စိုက်ပြီး ရေပေးသွင်းနည်းများကို သုတေသနပြုရန်လိုကြောင်း၊ နေကြာသီးနှံ မျိုးစေ့ထုတ်စိုက်ခင်းများကို ဒေသအလိုက် ဆောင်ရွက်ကြရမည်ဖြစ်၍ မြေအမျိုးအစားပေါ်မှုတည်ပြီး မြေသြဇာထည့်သွင်းမှုအချိုးအဆ မှန်ကန်ရေးနှင့် စိုက်နည်းစနစ်များနှင့် မျိုးထိန်းနည်းများကို စနစ်တကျလေ့လာ ဖော်ထုတ်သွားကြရမှာ ဖြစ်ကြောင်း၊ နေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် ဝတ်မှုန်ကူး ယှက်မှုကောင်းအောင် ပျားအိမ်များချထားပေးခြင်းဖြင့် ပျားမွေးသူများအတွက်ပါ အကျိုးရလဒ်ရရှိနိုင်ပြီး စိုက်ပျိုးသူ တောင်သူများကိုယ်တိုင် ပျားမွေးမြူရေးကို တွဲဖက်လုပ်ကိုင်လျှင် ဝင်ငွေနှစ်မျိုးရရှိနိုင်မည် ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ချက်တိုင်းတွင် မှတ်တမ်းမှတ်ရာများ စနစ်တကျထားရှိပြီး လက်လှမ်းတမီသုတေသနများ ပြုလုပ်ကြရန်လိုကြောင်း၊ နည်းပညာဖွံ့ဖြိုးရေးနှင့် ဖြန့်ဝေခြင်းလုပ်ငန်းများကို ဌာနအားလုံးနှင့်အတူ တောင်သူများကိုယ်တိုင်ပါဝင် ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။ 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် သင်တန်းသားများသည် ပြည်တွင်းဖြစ် စပ်မျိုးနေကြာ ဆင်းရွှေကြာ(၁) စပ်မျိုးအား စံထားမျိုးအဖြစ် အသုံးပြု၍ စပ်မျိုးနေကြာသီးနှံ မျိုးသစ်(၆)မျိုး၏ အပင်ဖြစ်ထွန်းမှု၊ အပင်ညီညာမှု၊ အပွင့်အရွယ်အစားနှင့် အပွင့်ညီညာမှု၊ ရိုးတံတုတ်ခိုင်မှု၊ ရောဂါဒဏ်ခံနိုင်ရည်ရှိမှု၊ ပိုးမွှားဒဏ်ခံနိုင်ရည်ရှိမှု၊ အပင်ဦးရေပြည့်မှုများကို ပူးပေါင်းပါဝင်အကဲဖြတ်ကြသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဘဲကုန်းကျေးရွာအနီး နေရောင်ခြည်စွမ်းအင်သုံး စက်ရေတွင်းအမှတ်(၁)၏ နွေသီးနှံရေလိုအပ်ချက် ဖြည့်ဆည်းပေးနေမှု၊ နွေနှမ်းနှင့် နွေပဲတီစိမ်း စမ်းသပ်ကွက်များ၏ ဖြစ်ထွန်းမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က နွေသီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် ကာလအလိုက် ဖြစ်ပေါ်လာမည့် မြေဆီလွှာ အစိုဓာတ်နှင့် သီးနှံပင်များ၏ လိုအပ်ချက်နှင့်အညီ ရေရရှိနိုင်မှု ပမာဏကို သီးနှံတစ်မျိုးချင်းအလိုက် လေ့လာ၍ မှတ်တမ်းများ သုံးသပ်ချက်များ စနစ်တကျ ဆောင်ရွက်ထားရှိရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်