နေကြာသီးနှံနှင့်ပတ်သက်၍ တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော လက်တွေ့အသုံးချသုတေသန လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်သွားမည်ဖြစ်

နေပြည်တော် ဧပြီ ၄

             

နေပြည်တော်ကောင်စီနယ်မြေ နှင့် တိုင်းဒေသကြီး ပြည်နယ်များ၌ နေကြာမျိုးစေ့ထုတ် ဇုန်များထူထောင်ပြီး နေကြာမျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်ရေးလုပ်ငန်းများနှင့်အတူ နေကြာစိုက်ပျိုးနည်း၊ နေကြာ မျိုးထိန်းနည်း၊ မြေဆီလွှာ ပြုပြင်ထိန်းသိမ်းနည်း၊ နေကြာမျိုးကွဲများ၊  နေကြာနှင့်ပတ်သက်သည့် နည်းပညာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရှိပါကြောင်း၊ နေကြာသီးနှံနှင့်ပတ်သက်၍ တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော လက်တွေ့အသုံးချသုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က ပြောကြားသည်။

 

 ယနေ့ နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ကွင်းအမှတ် ၁၆၂၃(က)၊ ဦးပိုင်(၁၀) တောင်သူ ဦးဌေးအောင် ၏ ၅ ဧက စိုက်ကွင်း၌ နွေရာသီတွင် ရေပေးစိုက်ပျိုးခြင်းဖြင့် နေကြာသီးနှံ မျိုးသစ်(၆)မျိုး၏ အပင်ဖြစ်ထွန်းမှု ကိုလေ့လာခြင်း သုတေသနစိုက်ခင်း၌ စိုက်ပျိုးရေးဦးစီးဌာ နှင့် စိုက်ပျိုးရေးသုတေသနများမှ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဝန်ထမ်းများနှင့်တွေ့ဆုံစဥ် ဒုတိယဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးက နေကြာသီးနှံ အထွက်တိုးရန်အတွက် စိုက်ပျိုးထုတ် လုပ်ရာ၌ ဝတ်မှုန် ကူးယှက်မှုအားကောင်းရန် ပျားမွေးမြူရေးကိုပါ တွဲဖက်လုပ်ကိုင်ခြင်းဖြင့် ဝင်ငွေနှစ်မျိုးရရှိနိုင်ကြောင်း၊ စိုက်ပျိုးသည့်တောင်သူများ၊ ဆီစက်လုပ်ငန်းရှင်များ၊ တင်ပို့သူများ အပါအဝင် လုပ်ငန်းကွင်းဆက်တစ်လျှောက် ပါဝင်လုပ်ကိုင်ကြသူများ အားလုံးအတွက် အကျိုးဖြစ်ထွန်းလာစေမည့် နည်းပညာဖွံ့ဖြိုးရေးနှင့်ပြန့်ပွားရေးကို ဝန်ကြီးဌာန၏ ဌာနပေါင်းစုံနှင့် စိုက်ပျိုးသည့် တောင်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့်အတူ စားရေရိက္ခာဖူလုံရေးကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် အဖွဲ့သည် နေကြာသီးနှံ မျိုးကွဲ(၆)မျိုး ၏ အပင်ဖြစ်ထွန်းမှု စမ်းသပ်ကွက်များ၊ နေကြာနှင့်အခြားသီးနှံ ပင်ကြား၊ တန်းကြားသီး ညှပ်စိုက်ပျိုးထားရှိမှုများကို ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)