နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်

(၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့ မွန်းလွဲ(၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

 

ယမန်နေ့နံနက်(၀၉:၃၀)နာရီအချိန်မှ ယနေ့နံနက်(၀၉:၃၀)နာရီအချိန်အထိ မိုးလေဝသ တိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ နေ့အပူချိန်များမှာ မွန်ပြည်နယ်တွင် မေလ၏ ပျမ်းမျှအပူချိန်ထက် ၈ ဒီဂရီဆဲလ်စီးယပ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့ထက် ၅ ဒီဂရီဆဲလ်စီးယပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ပြီး၊ ချင်းပြည်နယ်တွင် မေလ၏ ပျမ်းမျှ အပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ၁၃-၅-၂၀၂၄ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၄.၆ ဒီဂရီဆဲလ်စီးယပ်၊ မြင်းခြံမြို့၊ ညောင်ဦးမြို့၊ မကွေးမြို့နှင့် တောင်တွင်းကြီးမြို့တို့တွင် ၄၃.၀ ဒီဂရီဆဲလ်စီးယပ်စီ၊ အောင်လံမြို့တွင် ၄၂.၇ ဒီဂရီဆဲလ်စီးယပ်၊ မြင်းမူမြို့တွင် ၄၂.၅ ဒီဂရီဆဲလ်စီးယပ်၊ ပြည်မြို့တွင် ၄၂.၄ ဒီဂရီဆဲလ်စီးယပ်၊ တံတားဦး(လေကြောင်းမိုးလေဝသ)နှင့် ဆင်ဖြူကျွန်းမြို့တို့တွင် ၄၂.၃ ဒီဂရီဆဲလ်စီးယပ်စီနှင့် ကျောက်ဆည်(လွန်ကျော်)တွင် ၄၂.၂ ဒီဂရီဆဲလ်စီးယပ်တို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ပေါင်မြို့တွင် ၁.၈၁ လက်မ၊ သထုံမြို့တွင် ၁.၆၄ လက်မ၊ ထားဝယ်မြို့တွင် ၁.၂၂ လက်မ၊ ပုသိမ်မြို့တွင် ၁.၁၄ လက်မ၊ ကန်ကြီးထောင့်မြို့တွင် ၁.၀၅ လက်မ၊ ကော့သောင်းမြို့တွင် ၀.၇၅ လက်မ၊ မြိတ်မြို့တွင် ၀.၄၃ လက်မ၊ မိုးကုတ်မြို့နှင့် လပွတ္တာမြို့တို့တွင် ၀.၂၀ လက်မစီ၊ မြဝတီမြို့တွင် ၀.၁၆ လက်မနှင့် ကျောက်မဲမြို့တွင် ၀.၁၂ လက်မတို့ ဖြစ်ကြပါသည်။

 

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြု အပ်ပါသည်။

 

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။

 

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်ပါသည်။

 

နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာဘွယ်ရာရှိပါသည်။ ရွာရန်ရာနှုန်း ၄၀ ဖြစ်ပါသည်။

 

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။

 

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

Crd> မိုး/ဇလ