နေပြည်တော် ဓာတုစယဓာတ်ပေါင်းစုစေတီတော်မြတ်ကြီး၏  (၄၂)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၂၀

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယဓာတ်ပေါင်းစု စေတီတော်မြတ်ကြီး၏ (၄၂)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် အဆိုပါစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ် အဘိသန္နဗိမာန် တော်၌ ကျင်းပသည်။

 

အခမ်းအနားသို့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အေးမြရွှေပြည်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တမဉ္ဇူသက အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့် အလှူရှင်ဧည့် ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။

 

အခမ်းအနားတွင် ဘဒ္ဒန္တမဉ္ဇူသကထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈာယ် တော်မူကြသည့် မေတ္တာသုတ်ပရိတ်တရား တော်များကို နာယူကြသည်။

 

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော် ဘဒ္ဒန္တမဉ္ဇူသကထံမှ သာဓုအနု မောဒနာတရားနာယူ၍ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)