နေပြည်တော် လယ်ဝေးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (အေလာ) စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ


နေပြည်တော် ဇွန် ၂၇
ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အေလာ) စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်း ခန်းမ၌ကျင်းပသည်။ 
အခမ်းအနားသို့ နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ အတွင်းရေးမှူး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ရပ်မိ၊ ရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ အခြေခံပညာအထက်တန်းကျောင်း (အေလာ) မှ ကျောင်းသား ကျောင်းသူများက “အမျိုးသားစာပေ ယဉ်ကျေးမှုအမွေ "တေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးပြီး “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့” ဗီဒီယို Clip ပြသသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက စာဖတ်ခြင်းသည် ဘဝတစ်သက်တာအတွက် လွန်စွာအကျိုးကျေးဇူးရှိစေသောကြောင့် ကလေးငယ်များကို ငယ်စဉ်မှစ၍ စာဖတ်သည့် အလေ့အထကို ပျိုးထောင်ပေးရန် အရေးကြီးကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နေ့စဉ် စာဖတ်ရာ၌ သုတ၊ ရသ ပညာရပ်အစုံကို ဖတ်ရှုကြရန်နှင့် နောင်တစ်ချိန် နိုင်ငံတော်က အားကိုးအားထားရသော သားကောင်း သမီးကောင်း ပညာရှင်များ ပေါ်ထွန်းရေးအတွက် ကြိုးစားကြရန်လိုအပ်ကြောင်း ပြောကြားပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လယ်ဝေးမြို့နယ်အတွင်း စာကြည့်တိုက်တည်ဆောက်ရန်အတွက် အလှူငွေကျပ် သိန်း ၁၅၀ နှင့် သုတရသစာအုပ်စာစောင် အုပ်ရေ ၁၀၀၀ ကိုပေးအပ်လှူဒါန်းရာ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လက်ခံရယူသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က အခြေခံပညာအထက်တန်းကျောင်း (အေလာ) မှ “အမျိုးသားစာပေယဉ်ကျေးမှုအမွေ" တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဂုဏ်ပြုဆုငွေများကို လည်းကောင်း၊ အလှူရှင်များက အခြေခံပညာအထက်တန်းကျောင်း (အေလာ) ကျောင်းစာကြည့်တိုက်အတွက် အလှူငွေများနှင့် သုတရသ စာအုပ်စာစောင်များကိုလည်းကောင်း ချီးမြှင့်ပေးအပ်လှူဒါန်းကြရာ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် အမျိုးသားစာပေဆုရှင် စာရေးဆရာ မောင်စိမ်းနောင် (လယ်ဝေး) က စာပေလေ့လာဖတ်ရှုမှု အကျိုးကျေးဇူးများကို ဟောပြောဆွေးနွေးသည်။
အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော် ကောင်စီဝင်များနှင့် တာဝန်ရှိသူများက စာပေဆွေးနွေးပွဲ (Book Club) ဆွေးနွေးနေမှု၊ ကျောင်းသား ကျောင်းသူများ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ယှဉ်ပြိုင်နေမှု၊ စာအုပ်စာစောင်များ၊ ဓာတ်ပုံမှတ်တမ်းများ၊ စာအုပ်အရောင်းဆိုင်များ၊ ကျောင်းသား ကျောင်းသူများ ကာယစွမ်းရည်၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပျော်ရွှင်စွာ ယှဉ်ပြိုင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ကျောင်းသား ကျောင်းသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။
မွန်းလွဲပိုင်းတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း (အေလာ) ခန်းမ၌ ကျင်းပရာ တာဝန်ရှိသူများက ပြိုင်ပွဲများတွင် ဆုရရှိကြသူများကို ဆုများပေးအပ် ချီးမြှင့်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ဖျော်ဖြေရေးတီးဝိုင်းအဖွဲ့က တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။
အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ် သဲကောကြီးကျေးရွာတွင် ကျေးရွာစာကြည့်တိုက်တည်ဆောက်ရန် မြေနေရာလျာထားမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်