နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး) ကွပ်ကဲမှုအောက်ရှိ မော်တော်ယာဉ်အသင်း ဝန်ထမ်းသားသမီး ကျောင်းသား/ ကျောင်းသူများ ပညာရည်ချွန်ဆုနှင့် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ပျဉ်းမနား၊ ဩဂုတ် ၇

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (အဝေးပြေး) ကွပ်ကဲမှုအောက်ရှိ မော်တော်ယာဉ် အသင်းဝန်ထမ်းသားသမီး ကျောင်းသား/ကျောင်သူများအား ပညာရည်ချွန်ဆုနှင့် ပညာသင်စရိတ်ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည်။

 

ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျာလင်းက အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် နေပြည်တော်မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး) အတွင်းရေးမှူး၊ ပညာရေးနှင့် လူမှုရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးမြတ်မိုးက မော်တော်ယာဉ်အသင်း အသီးသီးရှိ ဝန်ထမ်းသားသမီး ကျောင်းသား/ ကျောင်သူများကို ပညာရည်ချွန်ဆုနှင့် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်မှုကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပညာရည်ချွန်ဆု၊ ပညာသင်ထောက်ပံ့စရိတ်နှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် အဆင့်မြင့်ယာဉ် အသင်းမှ (ဘ) ဦးကျော်ဦး၏ သားဖြစ်သူ မောင်ဟိန်းသူရိန်ထက်၊ ငါးဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဟိန်းစတားယာဉ်အသင်းမှ (ဘ) ဦးဇော်မိုးထွန်း၏ သားဖြစ်သူ မောင်နေဝဏ္ဏဇော်တို့ကို ဂုဏ်ပြုဆုတံဆိပ်နှင့် ပညာသင်စရိတ် ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်သည်။

 

mdn

 

ဆက်လက်၍ ပျဉ်းမနားခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲများတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းသားသမီး ကျောင်းသား/ ကျောင်းသူများကို ဂုဏ်ပြုဆုတံဆိပ်များနှင့် ပညာသင်စရိတ်ထောက်ပံ့ ငွေများကို ပေးအပ်ချီးမြှင့်ပြီး လက်ရှိတက္ကသိုလ်ဝင်တန်း တက်ရောက်နေကြသည့် ကျောင်းသား/ ကျောင်းသူများနှင့် အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း တက်ရောက်နေကြသည့် ကျောင်းသား/ ကျောင်းသူများအတွက် ပညာသင်စရိတ်ထောက်ပံ့ ငွေနှင့် ကျောင်းသုံးဗလာစာအုပ်များကို အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြရာ ဘာသာစုံ ဂုဏ်ထူးရှင် မောင်ဟိန်းသူရိန်ထက်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ယနေ့ကျင်းပသည့် ပညာရည်ချွန်ဆုနှင့် ပညာသင်စရိတ်ထောက်ပံ့ ပေးအပ်ရာတွင် ဘာသာစုံဂုဏ်ထူးရှင်တစ်ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင်တစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင်နှစ်ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင်တစ်ဦးနှင့် ရိုးရိုးအောင်မြင်သူ ၁၁ ဦး၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းတက်ရောက်နေကြသူများအပါအဝင် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၁၉၆ ဦးတို့အတွက် ချီးမြှင့်ထောက်ပံ့ငွေကျပ် ၆၇ သိန်းကျော်နှင့် ကျောင်းသုံးဗလာ စာအုပ် ၁၉၆ ဒါဇင်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)