(၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်)

 

ယမန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်အထိ မိုးလေဝသတိုင်းထွာချက် အကျဉ်းချုပ်။ လွန်ခဲ့သော ၂၄ နာရီအတွင်းက ချင်းပြည်နယ်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ ကယားပြည်နယ်တွင် နေရာကွက်ကျား၊ နေပြည်တော်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် မေလ၏ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီဆဲလ်စီးယပ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ၂၈-၅-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ထူးခြားသည့် နေ့အပူချိန်များမှာ ရေဦးမြို့တွင် ၃၈.၇ ဒီဂရီဆဲလ်စီးယပ်၊ မင်းဘူးမြို့နှင့် ဂန့်ဂေါမြို့တို့တွင် ၃၈.၀ ဒီဂရီဆဲလ်စီးယပ်စီ၊ မင်းကင်းမြို့တွင် ၃၇.၇ ဒီဂရီဆဲလ်စီးယပ်၊ တံတားဦး(လေကြောင်းမိုးလေဝသ)တွင် ၃၇.၆ ဒီဂရီဆဲလ်စီးယပ်၊ ဟုမ္မလင်းမြို့တွင် ၃၇.၅ ဒီဂရီဆဲလ်စီးယပ်၊ စစ်ကိုင်းမြို့တွင် ၃၇.၄ ဒီဂရီဆဲလ်စီးယပ်နှင့် ကျောက်ဆည်(လွန်ကျော်)၊ မော်လိုက်မြို့နှင့် မြင်းမူမြို့တို့တွင် ၃၇.၀ ဒီဂရီဆဲလ်စီးယပ်စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ မတ္တရာမြို့တွင် ၃.၇၈ လက်မ၊ မှော်ဘီ(စိုက်ပျိုးရေးမိုးလေဝသ)တွင် ၃.၀၇ လက်မ၊ မော်လမြိုင်ကျွန်းမြို့တွင် ၂.၃၆ လက်မ၊ မိုင်းပျဉ်းမြို့တွင် ၂.၁၈ လက်မ၊ ရန်ကုန် (မင်္ဂလာဒုံမြို့နယ်)နှင့် မင်းဘူးမြို့တို့တွင် ၁.၆၅ လက်မစီ၊ ရန်ကုန်(ကမ္ဘာအေး)တွင် ၁.၅၄ လက်မ၊ ရန်ကုန်(ဗိုလ်တထောင်မြို့နယ်)တွင် ၁.၅၀ လက်မ၊ နောင်ချိုမြို့တွင် ၁.၄၆ လက်မနှင့် လပွတ္တာမြို့တွင် ၁.၄၂ လက်မတို့ ဖြစ်ကြပါသည်။

 

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

 

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

 

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့် ရှိနိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၆ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။

 

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် ထစ်ချုန်းမည့် အခြေအနေများ ဆက်လက် ဖြစ်ပေါ်နေမည်။

 

နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

 

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

 

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။

 

လာမည့်စနေ၊ တနင်္ဂနွေအားလပ်ရက်များအတွက် မိုးလေဝသခန့်မှန်းချက်။ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။

 

Crd> မိုး/ဇလ