နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ရဲတပ်ဖွဲ့ဝင်များအား ဓါးဖြင့်ခုတ်ခဲ့သည့် တရားခံများအား နေပြည်တော်ရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့

နေပြည်တော် ၂၀ ဇန်နဝါရီ 

 

နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ရဲတပ်ဖွဲ့ဝင်များအား ဓါးဖြင့်ခုတ်ခဲ့သည့် တရားခံများအား သက်သေခံပစ္စည်းများနှင့်အတူ နေပြည်တော်ရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ဒက္ခိဏခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့မှ ရဲတပ်ကြပ်ကြီး ဝင်းနိုင်ဦးသည် နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနမှ ရဲတပ်ကြပ် ဇေယျာသိန်းနှင့်အတူ ပျဉ်းမနားမြို့နယ် တရားရုံးသို့ အရပ်ဝတ်ဖြင့် သက်သေခံလာရောက်စဉ် ပျဉ်းမနားမြို့၊ နှင်းဆီပန်းဝိုင်းအနီး၌ ဆိုင်ကယ်စီးနင်းလာသော ကျောင်းသားလေး(၁)ဦးကို ဆိုင်ကယ်(၂)စီးဖြင့် လူ(၄)ဦးမှ လေးဂွများနှင့် ဝိုင်းပစ်သဖြင့် ကျောင်းသားလေးဆိုင်ကယ်မှာ လဲကျသွားခဲ့၍ ရဲတပ်ကြပ်ကြီး ဝင်းနိုင်ဦးတို့ (၂)ဦးမှ ၎င်းတို့မောင်းနှင်လာသော မော်တော်ယာဉ်ဖြင့် အဆိုပါလူ(၄)ဦးအား လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ “ငွေကျားတိုက်” လျှပ်စစ်ပစ္စည်း အရောင်းဆိုင်အနီး အရောက်တွင် (၁)ဦးအား ဖမ်းဆီးရမိခဲ့ပြီး (၃)ဦးမှာ ထွက်ပြေးသွား၍ ဖမ်းဆီးရမိသူအား ကားပေါ်သို့ တင်ဆောင်စဉ် နောက်မှ မော်တော်ယာဉ်(၁)စီးနှင့် ဆိုင်ကယ်(၂)စီးတို့ဖြင့် လူ(၁၀)ဦးခန့် ရောက်ရှိလာခဲ့ပြီး ဓားများထုတ်၍ ရဲတပ်ကြပ်ကြီး ဝင်းနိုင်ဦးနှင့် ရဲတပ်ကြပ် ဇေယျာသိန်းတို့အား ဝိုင်းဝန်းခုတ်ခဲ့ရာ ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဖမ်းဆီးထားရှိသော အမျိုးသား(၁)ဦးနှင့် ကျန်လူများမှာ ထွက်ပြေးသွားပြီး ရဲတပ်ကြပ်ကြီး ဝင်းနိုင်ဦးနှင့် ရဲတပ်ကြပ် ဇေယျာသိန်းတို့အား ကိုလင်း၊ ပျဉ်းမနားမြို့နေသူမှ ပျဉ်းမနားခုတင် (၂၀ဝ)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် နေပြည်တော် ခုတင်(၁၀ဝ၀)ဆေးရုံသို့ ထပ်မံလွှဲပြောင်း၍ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရကြောင်း၊ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် (၂)ဦးကို ဒဏ်ရာများရရှိအောင် ဓါးများဖြင့်ဝိုင်းဝန်း ခုတ်သူများအား ပျဉ်းမနားမြို့မရဲစခန်း (ပ)၃၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၃၃၃/၁၁၄ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အမှုမှ တရားခံများအား ဖမ်းဆီးရမိရေးအတွက် နေပြည်တော် ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်မှုဖြင့် ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများ အခင်းဖြစ်စဉ်က စီးနင်းခဲ့သည့် NPW/4G 3783 Lifan အမျိုးအစား အပြာရောင်ယာဉ်မှာ ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်အုပ်စု၊ ရေအိုးစဉ်ရွာတွင်ရှိကြောင်း သတင်းရရှိသဖြင့် အတည်ပြု ဆောင်ရွက်ခဲ့ရာ ရေအိုးစဉ်ရွာနေသူ ဇော်မိုးအား ယင်းနေ့ ည ၁၁ နာရီခန့်တွင် စတင်ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေး ဖော်ထုတ်ချက်အရ ပြစ်မှုကျူးလွန်သူ တရားခံ(၁၆)ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ စုစုပေါင်းတရားခံ (၁၇)ဦး၊ သက်သေခံပစ္စည်းကား (၁)စီး၊ ဆိုင်ကယ် (၁)စီး၊ ဆိုင်ကယ်ဦးထုပ် (၁)လုံး၊ ဓါးရှည်(၁)ချောင်း၊ ဓါးအိမ်(၂)ခု၊ တုတ်(၁)ချောင်း၊ လေးဂွ(၁)လက်တို့အား သိမ်းဆည်းရမိခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံများဖြစ်သည့် ဇော်လင်းဦး (ခ) ပုလဲ၊ မင်းအောင် (ခ) ဖိုးတုတ်၊ ချစ်ပိုင်လင်းတို့ (၃)ဦးမှာ အ.ထ.က(၃)ကျောင်း တက်စဉ် အပြင်မှ အမည်မသိသူများနှင့် ရန်ငြိုးရန်စရှိသဖြင့် အစ်ကိုဖြစ်သူများနှင့် သူငယ်ချင်းများအား နေ့လယ်ကျောင်းဆင်းချိန်တွင် ကျောင်းသို့လာရောက်ရန် ဖုန်းဆက်အကြောင်းကြားထားပြီး နေ့လယ်ကျောင်းဆင်းချိန်တွင် ကျောင်းရှေ့၌ ရန်ငြိုးရန်စရှိသူ အမည်မသိ အမျိုးသား (၃)ဦးနှင့် အပြန်အလှန် လေးဂွများဖြင့် ပစ်ခတ်ပြီး ၎င်းတို့(၃)ဦးမှာ အ.ထ.က(၃)ကျောင်းရှေ့မှ နှင်းဆီပန်း အဝိုင်းဘက်သို့ ဆိုင်ကယ်မောင်းနှင် ထွက်ပြေးသဖြင့် တရားခံများမှ နောက်မှလိုက်ပြီး လေးဂွများဖြင့် ပစ်ခတ်စဉ် နှင်းဆီပန်းအဝိုင်းတွင် ကျောင်းသား(၁)ဦးအား လေးဂွထိမှန် လဲကျသည်ကို ရဲတပ်ဖွဲ့ဝင်များမှ ဖြစ်စဉ်အား မြင်တွေ့ပြီး လေးဂွများဖြင့် ပစ်ခတ်သူများအား လိုက်လံဖမ်းဆီးရာမှ ရဲတပ်ဖွဲ့ဝင်များအား ဓါးဖြင့်ခုတ်ခံခဲ့ရခြင်းဖြစ်ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN