နေပြည်တော်   မတ်     ၂၁

 

နှစ် (၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ပဉ္စမအကြိမ် စက္ခုအလင်းဒါနအဖြစ် နေပြည်တော်ကောင်စီ နယ်မြေရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအား အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီး၌ ကျင်းပသည်။

 

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

 

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဗဟိုဥက္ကဋ္ဌ ဦးဝဏ္ဏက ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့ကြီး၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် မျက်စိဝေဒနာရှင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိ သူများက ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

အဆိုပါ အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်းကို မတ် ၁၇ ရက် မှ  ၂၄ ရက် အထိ ကုသပေးသွားမည်ဖြစ်ပြီး မတ် ၂၀ ရက် အထိ ဝန်ကြီးဌာနများမှ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအပါအဝင် အခြားပြင်ပလူနာ စုစုပေါင်း ၉၀၀ ကျော်ကို ကုသပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)