နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် လမ်းတစ်လျှောက် မြို့သန့်ရှင်းသာယာ လှပရေးလုပ်ငန်းများ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ကြည့်ရှုစစ်ဆေး

နေပြည်တော်   ဒီဇင်ဘာ   ၁၆

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာန၏ ပုံမှန်ထိန်းသိမ်းခြင်း လုပ်ငန်းများဖြစ်သည့် လမ်းမကြီးတစ်လျှောက် မြက်ဖြတ်ခြင်း၊ ပုံသွင်းခြင်း၊ အကိုင်းရှင်းခြင်း၊ သဲကျွေး ခြင်းနှင့် ရေလောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မကြာမီ ခြောက်သွေ့ သော ရာသီသို့ ရောက်ရှိတော့မည်ဖြစ်၍ လမ်းမကြီးများတစ်လျှောက် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ထားရှိရန် မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယမြို့တော်ဝန်သည် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးရှိ နှင်းဆီပန်းအဝိုင်း တွင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး အဝိုင်းပေါ်ရှိ သက်တမ်းရင့်အလှပန်းပင်များကို အစားထိုးလဲလှယ်စိုက်ပျိုးသွားရန်၊ ရေ/မီး စနစ်များကို စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရန်၊ ပုံသွင်းရသည့် ပန်းအလှပင်များကို ညီညာသေသပ်စွာ ပုံသွင်းဆောင်ရွက်ရန်နှင့် နှင်းဆီပန်းအဝိုင်းကို အစဉ်အမြဲသာယာလှပရေး ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်