နေပြည်တော် ဇွန် ၁
နေပြည်တော် စည်ပင်သာယာရေးကော်မတီ နှစ်(၂၀)ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမရှိ မင်္ဂလာခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကံမြင့်သန်းနှင့် ဇနီး၊ ပြည်သူ့လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်များက နေပြည်တော် ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံပရိယတ္တိ စာသင်တိုက် ဆရာတော်ထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပျဉ်းမနားမြို့ သုခဝိဟာရ သရက်ကုန်းကျောင်းတိုက် ဆရာတော်ထံမှ သာဓုအနုမောဒနာတရားနာကြားပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ကြွရောက်လာကြသည့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ထပ်ဆင့်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌက နှစ်ပတ်လည်နေ့အထိမ်းအမှတ် အမှာစကား ပြောကြားပြီး ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ရရှိခဲ့သည့် အရာထမ်း၊ အမှုထမ်း ၁၂ ဦး၊ လူမှုထူးချွန်ဆုတံဆိပ်ရရှိခဲ့သည့် အရာထမ်း၊ အမှုထမ်းနှစ်ဦးနှင့် သင်တန်းများတွင် ထူးချွန်ဆု ရရှိသူခြောက်ဦးတို့အား ထပ်ဆင့်ဂုဏ်ပြု ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


