နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၄) အစည်းအဝေး ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၇

 

နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်း၊ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက “နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖိတ်ခေါ်ပြီး နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူများက အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း” ပြောကြားသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က သက်ဆိုင်ရာကုမ္ပဏီ၏ အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ဆွေးနွေးခဲ့ကြသည်။

 

ထွန်းထွန်းဝင်း(ပြန်/ဆက်)