နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဉီး ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဉီး ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် (၉)လမ်းတံတားအနီးရှိ ငလိုက်ချောင်း Rubber Dam နှင့် ငလိုက်ချောင်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၂၈

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး သည် နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဉီးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် ဗိုလ်တောက်ထိန် လမ်းတစ်လျှောက် ကန်ဘောင်မြေထိန်းနံရံနှင့် ရေမြောင်းအုတ်စီခြင်း လုပ်ငန်း၊ ရေမြောင်းဖုံးများ ဆောင်ရွက်ခြင်း လုပ်ငန်းများနှင့် မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်က တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရန်၊ မင်္ဂလာရှမ်းကန်အတွင်း ရေပြင်နှင့် ကန်ပတ်ဝန်းကျင်ကို အမြဲသန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ရန်နှင့် ကွန်ကရစ်ရေမြောင်းဖုံး များဆောင်ရွက်ရာ၌ ရေမြောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေး သန့်ရှင်းရေး အလွယ်တကူ ဆောင်ရွက်နိုင်မည့် Manhole များ ထည့်သွင်းဆောင်ရွက်ရန်တို့ကို မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ငလိုက်ချောင်း (၉)လမ်းတံတားအနီးရှိ Rubber Dam၊  ငလိုက်ချောင်းတစ်လျှောက် အမှိုက်များ  ရှင်းလင်းဆောင်ရွက်မှုနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်