နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်ချေးငွေအကြံပေး အဖွဲ့အစည်းအဝေး တက်ရောက်

နေပြည်တော် ဇွန် ၃၀

 

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်ချေးငွေအကြံပေးအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ချေးငွေအကြံပေးအဖွဲ့ဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က နေပြည်တော်အတွင်း အချိန်စေ့လွန်ကြွေးကျန်(NPL)များ လျော့နည်းကျဆင်းရေး၊ ချေးငွေအသစ်များ အချိန်မီပြန်လည် ထုတ်ချေးနိုင်ရေး၊ ဘဏ်လုပ်ငန်းများ ကောင်းမွန်စွာလည်ပတ်နိုင် ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ နေပြည်တော် ချေးငွေအကြံပေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်နှင့်မြို့နယ် ချေးငွေအကြံပေးဥက္ကဋ္ဌများက ယခင် နှစ်ရလဒ် ကောင်းရရှိခဲ့သည့် အတွေ့အကြုံသင်ခန်းစာများအပေါ် အခြေခံ၍ နိုင်ငံတော်၏ ဘဏ္ဍာများဖြစ်သည့် ချေးငွေများပြန်လည်ကောက်ခံရရှိအောင် ကြပ်မတ်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုနယ်မြေ နေပြည်တော်ချေးငွေအကြံပေးအဖွဲ့ အတွင်းရေးမှူး နေပြည်တော် မြန်မာ လယ်ယာဖွံ့ဖြိုးရေးဘဏ် လက်ထောက်အထွေထွေမန်နေဂျာ ဒေါ်အေးမင်းသင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွင်း စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးနိုင်မှု၊ ကြွေးကျန်များကောက်ယူနိုင်မှုနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက်  နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် တာဝန်ရှိသူများက ခရိုင်နှင် မြို့နယ် ဘဏ်ခွဲမန်နေဂျာများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၀ မိုးစိုက်ပျိုးစရိတ်ချေးငွေ များ ​ဆောလျင်စွာပြေကျေခဲ့သည့် ရပ်ကျေးချေးငွေ စိစစ်ရေးဥက္ကဋ္ဌ ၄ ဦး၊ အတွင်းရေးမှူး ၄ ဦးနှင့် နေပြည် တော်အတွင်း ၂၀၂၀ မိုးစိုက်ပျိုး စရိတ်ချေးငွေနှင့် ကိုဗစ်အထူးချေးငွေနှစ်မျိုးစလုံးကို အစောဆုံးပြေကျေ သည့် တောင်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က နိဂုံးချုပ်အမှာ စကားပြောကြားသည်။

 

မွန်လွဲပိုင်းတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်သည် နေပြည်တော်၌ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်ပြီး ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်လာမှသာ တိုင်းဒေသကြီး ပြည်နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မည်ဖြစ်သည့်အတွက် ကျေးလက်နေ တောင်သူများ လူမှုဘဝမြင့်မားရေး၊စီးပွားရေး ကောင်းမွန်ရေးတို့အတွက် ဦးစားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများကိုလည်းကောင်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးစီမံကိန်းဒါရိုက်တာ ဒေါက်တာမျိုးကျော်သူ က ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးထုတ်လုပ်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးများ၊ ဝယ်ယူကြိတ်ခွဲလုပ်ငန်းရှင်များနှင့် သွင်းအားစုအဖွဲ့များက သက်ဆိုင်ရာကဏ္ဍ အလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)