နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက် 

နေပြည်တော် ဒီဇင်ဘာ  ၂၇

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တိုင်းအဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီတွင် ပါဝင်သည့်ဌာနများမှ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၊ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်လျက်ရှိသော ကြက်ခြေနီ၊ ပရဟိတအဖွဲ့များအနေဖြင့် ဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးကို ပိုမိုနားလည်လာစေပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စွမ်းရှိစေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (ခရိုင်အဆင့်) အမှတ်စဉ်(၃/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားသည်။

 

အဆိုပါ သင်တန်းကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးဖွင့်လှစ်ပေးခြင်းဖြစ်ပြီး တိုင်း၊ ခရိုင်နှင့် မြို့နယ်များရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ပရဟိတအဖွဲ့တို့မှ သင်တန်းသား၊ သင်တန်းသူ (၃၀) တက်ရောက်ကြပြီး အဆိုပါ သင်တန်းကို ဒီဇင်ဘာလ (၂၇) ရက်နေ့မှ (၂၉) ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်သည်။

 

သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝေါဟာရများ၊ စီမံခန့်ခွဲမှု အယူအဆနှင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ယင်း၏အကျိုးသက်ရောက်မှုများ၊ ထိခိုက်ခံရလွယ်မှု၊ ထိတွေ့နိုင်ခြေနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများနှင့် ဖွဲ့စည်းဆောင်ရွက်မှု၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် သင်ခန်းစာများ၊ ရှေးဦးသူနာပြုစုနည်းများ၊ ကာကွယ် စောင့်ရှောက်မှုများကို အဖွဲ့လိုက် ဆွေးနွေးခြင်းများဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ကို(ပြန်/ဆက်)