နေပြည်တော်ကောင်စီမှ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်

နေပြည်တော် မေ ၃၁

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ် နေပြည်တော်ကောင်စီမှ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး၊ နေပြည်တော် ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူးနှင့်ဇနီး၊ ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက၊ နေပြည်တော် အမျိုးသမီးရေးရာနှင့် နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီမှ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နေပြည်တော်ကောင်စီမှ ဝန်ထမ်းသားသမီးများဖြစ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် တက္ကသိုလ်အဆင့်၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၊ KG ကျောင်းသား၊ ကျောင်းသူများထံ ပညာသင်စရိတ်နှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ပြီး ကျောင်းသားမိဘတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည့် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၄) အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်း၊ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က သက်ဆိုင်ရာကုမ္ပဏီ၏ အတည်ပြုလျှောက်ထားလွှာ တင်ပြလာမှုနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်