နေပြည်တော် ဧပြီ ၂၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် နှင့် တာဝန်ရှိသူ များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက် ဇမ္ဗူသီရိမြို့နယ်ရှိ ငလိုက်ရာဘာရေလွှဲဆည်နှင့် ဥတ္တရသီရိမြို့နယ် ကျွဲရှင်းကျေးရွာ အနီးရှိ ငလိုက်ရေလှောင်တမံ၊ ဖောင်းလောင်ရေလှောင်တမံတို့၏ ကြံ့ခိုင်မှုအခြေအနေများ၊ ဆည်ရေသောက်စနစ်များ ထိခိုက်ခဲ့မှုနှင့် အရေးပေါ်ယာယီပြုပြင် ဆောင်ရွက်၍ စိုက်ပျိုးရေပြန်လည် ပေးဝေနေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ငလိုက်ရာဘာ ရေလွှဲဆည်ကြံ့ခိုင်မှုအခြေအနေနှင့် လက်ဝဲ၊ လက်ယာ ရေသောက်စနစ်အချို့ ထိခိုက်ပျက်စီးခဲ့မှုအပေါ် အရေးပေါ်ယာယီ ပြုပြင်ဆောင်ရွက်၍ နွေစပါး၊ နွေအခြားသီးနှံများကို စိုက်ပျိုးရေပြန်လည်ပေးဝေနေမှုကိုလည်းကောင်း၊ ငလိုက်ရေလှောင်တမံ၊ ရေပိုလွှဲ၊ ရေထုတ်ပြွန်နှင့် ဆက်စပ်ရေအား အဆောက်အအုံ ကြံ့ခိုင်မှုအခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လိုက်လံရှင်းလင်းပြသကြသည်။
ထိုသို့ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ရေလှောင်တမံနှင့် ဆက်စပ်ရေအားအဆောက်အအုံများ ဘေးကင်း လုံခြုံမှုအခြေအနေ မျက်မြင်စစ်ဆေးမှု အစီရင်ခံစာပါ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက် ကြရန်နှင့် နွေစပါးစိုက်ပျိုးရာသီအပြီး မိုးစပါးစိုက်ပျိုးရေမပေးဝေမီ ကြားကာလအတွင်း လိုအပ်သည့် အခိုင်အမာပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံကြရန်၊ မူလလျာထား စိုက်ပျိုးဧရိယာများကို အထွက် နှုန်းလျော့ကျမှုမရှိစေရေးနှင့် တောင်သူများအား ရေအနည်းလိုစပါးမျိုးများ ရွေးချယ်စိုက် ပျိုးနိုင်ရေး အသိပညာပေးဆောင်ရွက်ကြရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များအား သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ငလိုက်ဆည်ရေသောက်စနစ်အတွင်း ထိခိုက်ပျက်စီးခဲ့သော ရေပေးမြောင်းနှင့် ဆက်စပ်ရေအား အဆောက်အအုံများကို အရေးပေါ်ယာယီ ပြန်လည်ပြုပြင်ပြီး နွေစပါး၊ နွေသီးနှံ စိုက်ပျိုးရေလုပ်ငန်းများကို ဧပြီ ၃ ရက်မှစတင်၍ ပြန်လည်ပေးဝေ လျက်ရှိပြီး လျာထားဧက ပြည့်မီအောင်စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)