နေပြည်တော်ကောင်စီဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား တက်ရောက်

 

နေပြည်တော် ဒီဇင်ဘာ  ၁

 

အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပသည်။

 

အဆိုပါပြိုင်ပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ၊ မသန်စွမ်းအားကစားသမားများ တက်ရောက် ကြပြီး အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုကို  ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် နှစ်ဘာသာဂုဏ်ထူးရှင် မသန်စွမ်း မစန်းသီတာထွန်းကို ပညာရည်ထူးချွန်ဆု ပေးအပ်ချီးမြှင့်ပြီး မသန်စွမ်းသီချင်းဆိုပြိုင်ပွဲနှင့် မသန်စွမ်း အားကစားပြိုင်ပွဲများအလိုက်ဆုရရှိကြသည့် မသန်စွမ်းအားကစားသမားများကို ဂုဏ်ပြုဆု တံဆိပ်နှင့် ဆုငွေများချီးမြှင့်သည်။

 

အဆိုပါ မသန်စွမ်းအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ နေပြည်တော်ကော်မတီက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မသန်စွမ်းအားကစားပြိုင်ပွဲတွင် သီချင်းဆို ပြိုင်ပွဲ(ကျား၊ မ)၊ သက်ငယ်တန်း မီတာ ၅၀ အပြေးပြိုင်ပွဲ(ကျား၊မ)၊ သက်ကြီးတန်းမီတာ ၁၀၀ အပြေးပြိုင်ပွဲ(ကျား၊မ)၊ ဘီးတပ် ကုလားထိုင်စီး မီတာ ၅၀ အပြေးပြိုင်ပွဲ(ကျား၊မ) ပြိုင်ပွဲများပါဝင်ပြီး မသန်စွမ်း အားက စားသမား ၇၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

 

အဆိုပါပြိုင်ပွဲအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန် ရေလယ်ဘုရားကျောင်းဆောင်နှင့် ရှင်ဥပဂုတ္တကျောင်းဆောင် အဆင့်မြှင့်တင် တည်ဆောက်ခြင်း၊ လူလျှောက်လမ်းတံတား တည်ဆောက်ခြင်း၊ ကန်တော်မင်္ဂလာရှမ်းကန် အတွင်း/ အပြင်နှင့် ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ပြီး နှစ်စဉ် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာ လှုပ်ရှားမှုကာလဖြစ်ကြောင်း၊ ယခုနှစ် ဆောင်ပုဒ်မှာ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး ပေါင်းစုရင်းနှီးမြှုပ်နှံပေး” ဖြစ်ကြောင်း၊ ဆောင်ပုဒ်၏ အဓိကရည်ရွယ်ချက်မှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ ဥပဒေပြုရေး ကဏ္ဍများတွင် အားလုံးပါဝင် ရင်းနှီးမြှုပ်နှံကြရန်ဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ၁၆ ရက်တာ လှုပ်ရှားမှုဆောင်ပုဒ်အတိုင်း  အကြမ်းဖက်ခံရသူ အမျိုးသမီးများအတွက် လိုအပ်သည့် ဝန်ဆောင်မှုများ လွယ်လင့်တကူလက်လှမ်းမီရရှိနိုင်ရေး ကဏ္ဍအသီးသီးတွင် အားလုံး ပါဝင်ရင်းနှီးမြှုပ်နှံခြင်းဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ လျော့နည်းပပျောက်ရေးကို ဦးတည် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် Video Clip ကိုပြသပြီး လူငယ်ရေးရာဦးစီးဌာနက အကဖြင့်ဖျော်ဖြေတင်ဆက်သည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)