နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်

နေပြည်တော်၊ ဇွန် ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို  ယနေ့ နံနက် ၇ နာရီ မိနစ် ၂၀ တွင် ဒက္ခိဏသီရိမြို့နယ် မြစ်မခလမ်း (သံတမန်ဇုံအတွင်း) မြေနေရာ၌ ကျင်းပသည်။ 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်က ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ခရေပင်ကို စတင်စိုက်ပျိုးပေးခဲ့ပြီး ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများက သတ်မှတ်အပင်များကို အသီးသီးစိုက်ပျိုးကြသည်။

ထို့နောက် ဌာနမှူးများ၊ ဒုတိယဌာနမှူးများနှင့် အရာထမ်း၊ အမှုထမ်းများက ခရေ၊ စိန်ပန်း၊ ငုရွှေဝါနှင့် ရေပျဉ်းမ အပင် (၂၀၀) ကို သတ်မှတ်နေရာများအလိုက် စိုက်ပျိုးကြရာ မြို့တော်ဝန်နှင့် ဒုတိယ မြို့တော်ဝန်တို့က အရာထမ်း၊ အမှုထမ်းများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်အားပေး ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်