နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင် မင်္ဂလာကန်တော်အတွင်း ရေနည်းပါးမှုကို ကြည့်ရှုစစ်ဆေးပြီး ရှမ်းကန်၏အရှေ့ဘက်ခြမ်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် အလှူငွေပေးအပ်ပွဲ တက်ရောက်

 

နေပြည်တော် မေ ၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊  ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ဒက္ခိဏသီရိမြို့နယ် သမိုင်းဝင် ရန်အောင်မြင် ရွှေလက်လှစေတီတော် ပရဝုဏ်အတွင်းရှိ မင်္ဂလာကန်တော်အတွင်း ရေနည်းပါးမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရေများခန်း ခြောက်လျော့နည်းမှု၊ ရေသယ်မော်တော်ယာဉ်များဖြင့် ရေပြန်လည်ဖြည့်သွင်းနေမှုတို့ကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်က  အချိန်တို အတွင်း သတ်မှတ်ရေပမာဏပြည့်မီအောင် ဆောင်ရွက်နိုင်စေရေးနှင့်  လိုအပ်သည်များကို မှာကြားသည်။

အဆိုပါ မင်္ဂလာကန်တော်၏ အကျယ်မှာ ၂ ဒသမ ၂ ဧကကျယ်ဝန်းပြီး အနက် ၁၀ ပေရှိကာ ရေဂါလံ ၇ ဒသမ ၂ သန်းခန့်ဝင်ဆံ့၍ ယခင်ကန်ဟောင်းကို ၂၀၀၈ ခုနှစ်တွင် ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်ခဲ့သည်။ လက်ရှိတွင်  ရေအနက် ၃ ပေရှိကာ ရေဂါလံ ၂ ဒသမ ၂ သန်းခန့်ရှိပြီး ရေနေသတ္တဝါများ အသက်ရှင်နေနိုင်ရန်အတွက် ရေဂါလံ ၁ ဒသမ ၃ သန်းခန့်ထပ်မံ ဖြည့်ဆည်းပေးရန် လိုအပ်လျက်ရှိရာ လိုအပ်သည့် ရေဂါလံအား ဖြည့်သွင်း ပေးနိုင်ရေးအတွက် နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော် ဖွံ့ဖြိုး‌ရေးဘဏ်၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် Authentic Co;Ltd တို့မှ ရေသယ်မော်တော်ယာဉ်များအတွက် စက်သုံးဆီဖိုးများ လှူဒါန်းပြီး ရေများဖြည့်ဆည်း ပေးမည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့်အဖွဲ့သည် ကန်တော် မင်္ဂလာရှမ်းကန် ရှင်းလင်းဆောင်၌ ကျင်းပသည့် ကန်တော်မင်္ဂလာရှမ်းကန်၏ အရှေ့ဘက် ခြမ်း သဲနုန်းတူး ဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့တက်ရောက်ပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများထံ အလှူရှင်များက အလှူငွေကျပ် သိန်း ၈၅၀ ကို ပေးအပ်လှူဒါန်းကြသည်။ 
       
 ယင်းနောက် အလှူရှင်များကိုယ်စားအလှူရှင်တစ်ဦးက အလှူငွေလှူဒါန်းရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက လုပ်ငန်းအလိုက် ရှင်းလင်းတင်ပြ ကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က အလှူရှင်များက လှူဒါန်းသည့်  အလှူငွေများနှင့်ပတ်သက်၍ စနစ်တကျ စီမံခန့်ခွဲသုံးစွဲနိုင်စေရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားပြီး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကန်၏ အရှေ့ဘက်ခြမ်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်းကို  စက်ယန္တရားများဖြင့် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး ပြီး လုပ်ငန်းဆောင်ရွက်နေသည့်  စက်ယန္တရားများ၏ ယာဉ်မောင်းများအား ဂုဏ်ပြုငွေများပေးအပ်သည်။

ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့်အဖွဲ့သည် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော်ရှိ ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာ အခမ်းအနားတွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်မည့် မဟာဗောဓိပင်တော်များပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် မဏ္ဍပ်တည်ဆောက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင် ပြကြရာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်