နေပြည်တော် နိုဝင်ဘာ ၉
 နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းအတွင်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူလူထုများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။
 ဆက်လက်၍ ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားကွင်းသို့ သွားရောက်ပြီး ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် နေပြည်တော်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများနှင့် တွေ့ဆုံ၍ ဖြည့်စွက်စာများ၊ အားကစားပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ကာ အားကစားနည်းအလိုက် လေ့ကျင့်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။
 ယင်းနောက် ဇေယျာသီရိမြို့နယ်၊ ပင်လောင်းလမ်းဘေး သစ်တပ်ကျေးရွာအုပ်စု၊ ကြို့ပင်ရွာ ကွင်း (၁၆၁၉) တွင် ပြုလုပ်သည့် ရာဂီမုန်တိုင်းဒဏ်ကြောင့် ထိခိုက်စပါးခင်းများအား ရွက်ဖျန်းအားဆေး ထောက်ပံ့ခြင်းနှင့် စပါးမျိုး ၁၁ မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲသို့ တက်ရောက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ရွက်ဖျန်းအားဆေးများအား တောင်သူများသို့ ထောက်ပံ့ပေးအပ်သည်။
 ထို့နောက် စပါးမျိုး ၁၁ မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်အတွင်း စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးပြီး တောင်သူများ၏ မေးမြန်းဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးကာ ဒက္ခိဏသီရိမြို့နယ် အသေးစား၊ အလတ်စား စက်မှုဇုန်ရှိ Myanmar Kaido Co.,Ltd မှ မြေတူးစက်သုံး ဂေါ်ပြားများနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ပြင်ဆင် တပ်ဆင်သည့် အလုပ်ရုံသို့သွားရောက်ကြည့်ရှုသည်။ 
 မွန်းလွဲပိုင်းတွင် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ တက်ရောက်အမှာစကားပြောကြားသည်။
ယင်းနောက် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များနှင့် ခရိုင် / မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရွက်မည့်အစီအမံများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက တုံ့ပြန်ဆောင်ရွက်ရေးအတွက် အသင့်ပြင်ဆင်စုဖွဲ့ထားရှိသော တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ယာဉ် / စက် / ယန္တရားများနှင့် လိုအပ်သည့်ပစ္စည်းများကို အသင့်ပြင်ဆင်စုဖွဲ့ ထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်