နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြို့နယ်၌ စပါးသားဆက်လိုင်းများ ရွေးချယ်ခြင်း စမ်းသပ်ကွက်ပြုလုပ်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၂၈

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးပညာပေး သင်တန်း/ ဆွေးနွေးပွဲသို့ တက်ရောက်နေသည့် တောင်သူများကို သွားရောက်ပြီး တွေ့ဆုံပြီး စိုက်ပျိုး၊ မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

 

တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အထွက်နှုန်းကောင်းသည့် ဆီထွက်သီးနှံ များကို စိုက်ပျိုးပြီး ကျွမ်းကျင်ပညာရှင်များဖြင့် ဆွေးနွေးခြင်း၊ သင်တန်းများ ပို့ချခြင်းဖြင့် တောင်သူများ များစွာအကျိုးရှိ မည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကို သမားရိုးကျ မိရိုးဖလာ စိုက်ပျိုးနည်းမှတစ်ဆင့် ခေတ်မီနည်းပညာများဖြင့် စိုက်ပျိုးနိုင်ရေး၊ ရည်မှန်းချက်ပန်းတိုင် အထွက်နှုန်းများရရှိအောင် စိုက်ပျိုးနိုင်ရေး သက် ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း၊ ဆီထွက်သီးနှံများနှင့် အခြားသီးနှံ များ စိုက်ပျိုးထားရှိမှု အပြည့်အဝ အောင်မြင်အောင် အချိန်မီ စိုက်ပျိုးနိုင်ရေးနှင့် ရိတ်သိမ်း နိုင်ရေးကို ဌာနဆိုင်ရာများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး တောင်သူများ၏ လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ထို့နောက်  နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဇေယျာသီရိမြို့နယ် သစ်တပ် ကျေးရွာအုပ်စု ပင်လောင်းလမ်းဘေး တောင်သူဦးကြည်လွင်၏ လယ်ကွင်း၌ စပါးသားဆက် လိုင်းများရွေးချယ်ခြင်းနှင့် စမ်းသပ်ကွက်ပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)