နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားတက်ရောက်၊ လေဘေးသင့်အိမ်ထောင်စုများထောက်ပံ့

နေပြည်တော် မေ ၁၈

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူရေးအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခွဲက ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်း မြို့မဈေးအနီးတွင် ကျင်းပသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းတို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနား-တောင်ညိုလမ်း၊ ရေပန်း ဥယျာဉ်မုခ်အနီးတွင် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူရေး အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေး ခန်းမ(၁)၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အခွန် အရပ်ရပ်ပြည့်မီကျော်လွန်စွာ တိုးတက်ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး အမှာစကားပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အခွန်အခနှင့် ကြွေးမြီများ ပြည့်ဝစွာ ကောက်ခံရရှိရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အခွန်အခ ကောက်ခံရန် လျာထားမှုအခြေအနေများနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

ညနေပိုင်းတွင် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ကျင်းပသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့မှ မေ ၁၆ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ဥတ္တရသီရိမြို့နယ်၊ ဆည်ကန်အနောက် ကျေးရွာနှင့် လွင်သာယာကျေးရွာမှ လေဘေးသင့်ပြည်သူများကို ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး လေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြား၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက နေပြည်တော်ကောင်စီမှ ထောက်ပံ့ငွေကျပ် သိန်း ၃၀ နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုး စုစုပေါင်းငွေကျပ် ၁၇ သိန်းကျော်၊ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး တစ်အိမ်ထောင်စာနှင့် ကာပေါ်လစ်ဆပ်ပြာခဲများကို ထောက်ပံ့ပေးအပ်ကာ လေဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားသည်။

ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော် ကောင်စီဝင်များနှင့်အတူ  ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာ အထက်တန်းကျောင်း အတွင်း၊အပြင်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆရာဆရာမများက ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။ 

ညနေပိုင်းတွင် နေပြည်တော်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ မင်းကုန်းကျေးရွာအုပ်စု၊ ဆည်ကန် (အနောက်)ကျေးရွာ၌ ကျင်းပသည့် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ဆည်ကန် (အနောက်)ကျေးရွာနှင့် မိုးစွေကျေးရွာအုပ်စု၊ လွင်သာယာကျေးရွာတို့တွင် မေ ၁၆ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ခြင်း၊ ပြိုလဲခြင်းများ ဖြစ်ပွားခဲ့သဖြင့် လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား နေပြည်တော်ကောင်စီမှ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လေဘေးသင့် ပြည်သူ များအား အားပေးစကားပြောကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော် ကောင်စီဝင်များက မင်းကုန်းကျေးရွာအုပ်စု၊ ဆည်ကန်(အနောက်)ကျေးရွာနှင့် မိုးစွေကျေးရွာအုပ်စု၊ လွင်သာယာ ကျေးရွာတို့မှ လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများကို ဆန်၊ ဆီနှင့် အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မင်းကုန်းကျေးရွာ အုပ်စု၊ ဆည်ကန်(အနောက်)ကျေးရွာတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ များမှ ဝန်ထမ်းများ၊  တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်း၍ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ၊ ကျေးရွာ အတွင်း သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်